ရက်ပ်သီချင်းဆိုပြရန် ဗီယက်နမ် ရက်ပ်ဘုရင်မကို အိုဘားမား တောင်းဆို (ရုပ်သံ)

May 26, 2016

ရက်ပ်သီချင်းဆိုပြရန် ဗီယက်နမ် ရက်ပ်ဘုရင်မကို အိုဘားမား တောင်းဆို (ရုပ်သံ)

ဗီယက်နမ်မှာ ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားဟာ ဗီယက်နမ်ရဲ့ ရက်ပ်ဘုရင်မက မေးတဲ့ မေးခွန်းကို အဖြေမပေးမီ ရက်ပ်သီချင်းဆိုပြဖို့ တောင်းဆိုခဲ့ပါတယ်။ မေ ၂၅ ရက်က ဟိုချိမင်းမြို့တော်မှာ လူငယ်တွေနဲ့ တွေ့ဆုံရာမှာ ဆုဘွိုင်က ဗီယက်နမ်ရဲ့ ရက်ပ်ပါတဦးဖြစ်တယ်လို့ အိုဘားမားကို မိတ်ဆက်ပြီး မေးခွန်းမေးမြန်းခဲ့ပါတယ်။ ပတ်ဝန်းကျင်၊ နိုင်ငံရေး၊ စီးပွားရေးတွေအကြောင်း အများအပြား ပြောခဲ့သလို အနုပညာရှင်တဦးအနေနဲ့ ပြောစရာအများကြီးရှိတယ်လို့ ဆုဘွိုင်က ပြောပါတယ်။ “အနာဂတ်မှာ တိုင်းပြည်ကို အကူအညီပေးဖို့ အနုပညာနဲ့ ယဉ်ကျေးမှုကို မြင့်တင်ဖို့ နိုင်ငံတနိုင်ငံအတွက် ဘယ်လောက် အရေးကြီးသလဲ ကျမသိချင်ပါတယ်” လို့ ဆုဘွိုင်က မေးမြန်းရာမှာတော့ အိုဘားမားက မေးခွန်းပြန်မဖြေမီ ရက်ပ်သီချင်းဆိုဖို့ တောင်းဆိုပါတယ်။ ဆုဘွိုင်က ဗီယက်နမ်လိုဆိုရမလား အင်္ဂလိပ်လိုလား မေးမြန်းရာမှာ အိုဘားမားက ဗီယက်နမ်လို ဆိုဖို့တောင်းဆိုပါတယ်။ “ဒီနောက် ငွေတွေအများကြီးရှိတယ်၊ အိမ်တွေအကြီးကြီးရှိတယ်၊ တကယ်ရောသူတို့ ပျော်ရဲ့လား” ဆိုတဲ့ အကြောင်း ရေးဖွဲ့ထားတဲ့ ရက်ပ်သီချင်းနဲ့ အိုဘားမားကို ဆိုပြခဲ့ပါတယ်။ ပွဲတက်နေတဲ့ လူငယ်တွေကလည်း ရက်ပ်သီချင်းနဲ့ အတူ လက်ခုပ်သံကို စည်းချက်ကျကျတီး ပေးခဲ့ပါတယ်။ ဆုဘွိုင်ရဲ့ မေးခွန်းကို ဖြေဆိုရာမှာတော့ အရိုးသားဆုံးဝန်ခံရရင် အနုပညာက တခါတရံမှာ အန္တရာယ်ရှိတဲ့ အတွက် အစိုးရတွေက တခါတရံမှာ စိုးရွံ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အနုပညာကို ဖိနှိပ်ရင် လူတွေရဲ့ အနက်ရှိုင်းဆုံးအိမ်မက်နဲ့ ပြင်းပြတဲ့ ရည်မှန်းချက်ကို ဖိနှိပ်တာလို့ ယုံကြည်တယ်လို့ အိုဘားမားက ပြောပါတယ်။
6 years Ago
Up