ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာဖွယ်ရှိ

A d v e r t i s e m e n t With Us

April 6, 2016

ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာဖွယ်ရှိ

လွှတ်တော်နှစ်ရပ်စလုံးက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် ခန့်အပ်တာဝန်ပေးအပ်ဖို့ ဆုံးဖြတ်အတည်ပြုခဲ့ကြတာကြောင့် မကြာမီရက်ပိုင်းအတွင်း ကစပြီး တာဝန်ထမ်းရွက်နိုင်တော့မှာဖြစ်ပါတယ်။ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း”ကို အမျိုးသားလွှတ်တော်မှာ ဧပြီလ ၁ ရက်နေ့က၊ ပြည်သူ့လွှတ်တော်မှာ ဧပြီလ ၅ ရက်နေ့က အသီးသီး အတည်ပြုခဲ့တာကြောင့်  နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အတည်ပြုလက်မှတ်ရေးထိုးပြီးရင် အတည်ဖြစ်တော့မှာ ဖြစ်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော်နှစ်ရပ်စလုံးမှာ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး အသီးသီး မဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၈၁ အရ ‘ပြည်ထောင်စုအဖွဲ့အစည်း တွေက စီမံခန့်ခွဲတဲ့ ဥပဒေကြမ်းတွေကို လွှတ်တော် နှစ်ရပ်စလုံးကအတည်ပြုရင် ဒီဥပဒေကြမ်း ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုတယ်လို့ မှတ်ယူရမှာဖြစ်ကြောင်း’ ပြဋ္ဌာန်းထားတဲ့ အတွက် ဒီဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုရန်မလိုတော့ဘဲ သမ္မတ လက်မှတ်ထိုးပြီးရင် အသက်ဝင်လာမှာဖြစ်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၁၀၅ အရ ‘နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်မှ ပေးပို့လာသည့် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုသော သို့မဟုတ် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ဖြစ်သော ဥပဒေကြမ်းများကို လက်ခံရရှိသည့် နေ့၏ နောက်တနေ့မှ ၁၄ ရက်အတွင်း လက်မှတ်ထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်။” လို့ပါရှိပါတယ်။ ဧပြီလ ၅ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အစည်းအဝေးအပြီးမှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က “ဒီမိုကရေစီအနိုင်ကျင့်မှု” ကြောင့် မဲမပေးဘဲ နေခဲ့ကြ တာလို့ သတင်းသမားတွေကို ရှင်းလင်းခဲ့ပါတယ်။ ဒီဥပဒေရဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ပေးအပ်ခြင်းအခန်းမှာ ‘၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမှုရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်” လို့ စာသား ပါရှိပါတယ်။ ဒီဥပဒေကြမ်းကို တင်သွင်းသူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၇ ကို ကိုးကားပြီး ဥပဒေနဲ့အညီတင်တာလို့ရှင်းလင်းထားကြပါတယ်။ ဒီဥပဒေဟာ ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ်ပီပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်တာလို့ပါရှိပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်မှာတော့ “အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်တွေနဲ့ မဆန့်ကျင်စေဘဲ နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားအတွက် အကြံပြုချက်များပေးရမည်၊ အကြံပြုချက်များဆောင်ရွက်ချက်များနဲ့စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ကိုတာဝန်ခံမည်၊ အတိုင်ပင်ခံပုဂိုလ်ဟာ ဥပဒေပါရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်” လို့ ပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲမှာ နိုင်ပေမယ့် အာဏာမရခဲ့ဘဲ ပါတီကို ချေမှုန်းတာခံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြိမ်ကြိမ်နေအိမ်အကျယ်ချုပ်ချခံခဲ့ရပြီး မနှစ်နိုဝင်ဘာ ရွေးကောက်ပွဲမှာ နိုင်ခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ချက်ကြောင့် နိုင်ငံတော်အကြီးအကဲသမ္မတတာဝန်ကို ထမ်းဆောင်နိုင်ခွင့် ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်တော်က အတည်ပြုခဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုပ်ပိုင်ခွင့်ဟာလည်း ကျယ်ပြန့်လှပါတယ်။ ဒီဥပဒေကြမ်းကို အတည်ပြုခဲ့တဲ့ လွှတ်တော်နှစ်ရပ်စလုံးရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တချို့ရဲ့ အမြင်သဘောထားကို မေးမြန်းကြည့်ပါတယ်။ ဒီဥပဒေကို လွှတ်တော်နှစ်ရပ်တွင် အတည်ပြုသည့်ဖြစ်စဉ်အပေါ် အမြင်နဲ့ အရပ်ဘက်- စစ်ဘက်ဆက်ဆံရေး အလားအလာ မေးခွန်းနှစ်ခုကို မေးမြန်းထားပါတယ်။ ဦးဟန်ရွှေ (အလုပ်အမှုဆောင်- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) “ဒီလိုဗျာ ခင်ဗျား ကြံ့ခိုင်ရေးတုန်းကလည်း ဒီလိုပဲပေါ့လေနော်၊ ပြောမယ်ဆိုရင် အများစုပေါ့နော် သူတို့ Majority အများစုရပြီးတော့ အတိုက်အခံအင်အားနည်းနေလို့ရှိရင် ဒီလိုကိစ္စရပ်တွေက ပေါ်လာတာပဲဗျ။ ဒါကြောင့်မို့လို့ ကျနော်တို့ပါတီက ဒါတွေကိုမြင်လို့ စောစောကတည်းက PR Proportional Representation System (အချိုးကျကိုယ်စားပြုစနစ်) ကို ကျင့်သုံးသင့်တယ်ဆိုတဲ့ဟာက အဆိုပြုထားတာ။ သို့သော် အဲဒီအချိန်တုန်းကတော့ ကြံ့ခိုင်ရေးပါတီအနေနဲ့ သူကလည်းပဲ သူ့ဟာနဲ့သူ အများစုအနိုင်ရတယ်ဆိုတဲ့ဟာနဲ့သူ ပျော်မွေ့ ပြီးတော့ ဖြစ်ပြီး ဒါတွေ သူမစဉ်းစားဘူးပေါ့လေ။ အဲဒီအချိန်တုန်းက အန်အယ်လ်ဒီနဲ့ကလည်း ကျနော်တို့ PR system တင်တဲ့အခါကျတော့ သူတို့က စိတ်မ၀င်စားဘူး၊ စိတ်မ၀င်စားတဲ့အပြင် လက်မခံဘူးပေါ့ဗျာ။ Single-Member District Plurality (SMDP) (မဲအများဆုံးရသူ နိုင်တဲ့စနစ်) လက်ခံမယ်ဆိုလုပ်တယ်။ အခုတော့ ဒီအနေအထားမျိုး ဖြစ်လာတာပေါ့။ အဲဒီ ကတည်းက PR System တင်တဲ့အခါမှာ ကျနော့်ကို အမျိုးသားလွှတ်တော်ကနေ Hearing (ကြားနာ) ပေါ့ ခေါ်ပြီးတော့ တွေ့ပါတယ်။ တွေ့တဲ့အခါမှာ ကျနော် ဆွေးနွေးပြခဲ့ပါတယ်။ အဲဒီတော့ ဒီဥစ္စာဟာ ပါတီစုံစနစ်မှာ ဒီလိုဟာမျိုးဟာ ဖြစ်လာမယ်၊ ဖြစ်နိုင်တဲ့အနေအထား ရှိပါတယ်၊ အဲဒါကြောင့်မို့လို့ အဲဒီလိုဖြစ်လာတဲ့အခါကျလို့ရှိရင် ခုနက Majority တော့ Majority ပေါ့၊ သို့သော် များလာတဲ့အခါကျလို့ရှိရင် tryanny of Majority (အများစုက စိုးမိုးခြင်း)  ဖြစ်တတ်တဲ့သဘောရှိပါတယ်ဆိုတဲ့ဟာကို ကျနော်တင်ပြခဲ့တာရှိပါတယ်။ အဲဒီတော့ကာ ဒါက သူက ပါတီတခုအနေနဲ့ကနေပြီးတော့ သူ့ရဲ့ပေါ်လစီ၊ သူ့မူဝါဒချပြီး ဒီလုပ်ငန်းလုပ်ပြီဆိုလို့ရှိရင် ပါတီက ဒီလိုပဲ ထောက်ခံရမှာပဲ၊ ဆန့်ကျင်လို့ရတာမဟုတ်ဘူး။ ပါတီရဲ့သဘောသဘာဝက ဒီအတိုင်းပဲရှိတယ်။ ဒါကြောင့်မို့လို့ အခုဟာကတော့ ချလိုက်တဲ့လုပ်ငန်းရပ်ကို သူ့ပါတီအများစု အနိုင်ရနေတဲ့အခါကျတော့ သူအများစုနဲ့ ဆုံးဖြတ်တာပဲ။ အဲဒီတော့ ဒါကတော့ ခံယူတဲ့ လူအပေါ်မှာမူတည်ပြီး ဒါ အနိုင်ကျင့်တယ်လို့လည်း ပြောလို့ရသလို ပါတီကလည်း ကျုပ်တို့ပါတီ ရဲ့ မူဝါဒကို ကျုပ်တို့ အင်အားနဲ့ ခုနဒါ အတည်ပြုထောက်ခံတာပဲဆိုတဲ့ သဘော ယူလို့ရတဲ့ သဘောရှိပါတယ်။ ဒီလိုဟာမျိုးပေါ့လေ ပါတီစုံစနစ်မှာဆိုရင် ဒါတွေကတော့ ဖြစ်လာမှာပဲ။ ဖြစ်လာမှာပဲ ဒီဟာတွေကတော့။ အဲဒါကြောင့်မို့လို့ ကျနော်တို့ပြောတာက ရွေးချယ်တင်မြှောက် တဲ့ စနစ်ကိုပြင်ပြီး All Inclusive ပေါ့ဗျာ အားလုံးပါဝင်ပြီးတော့ ဖြစ်ဖို့လိုတယ်ဆိုတဲ့ဟာကို ဒါကို ကျနော်တို့ ပြောခြင်းဖြစ်ပါတယ်။ အဲဒီတော့ အတိုက်အခံက အားနည်းနေတယ်ဆိုရင် ဒီလိုပြဿ  နာမျိုးတွေက အမြဲတမ်းရင်ဆိုင်ရမှာပဲလို့ ကျနော်ဒီလိုမြင်ပါတယ်။” (အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ကောင်းမွန်ဖို့ ပြောနေချိန် မှာ ဒီဖြစ်စဉ်နဲ့ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ အကြံပြုစရာ) “တခုနဲ့တခုကတော့ အသိအမှတ်ပြုရမယ့် သဘော ရှိပါတယ်နော်၊ အဖွဲ့အစည်းတခုနဲ့တခု အသိအမှတ်ပြုရမယ့်သဘောရှိတယ်။ တဖက်ကလည်းပဲ ဒီ သူက အများဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့၊ ပြည်သူလိုလားတဲ့ အဖွဲ့ဖြစ်တယ်ဆိုတာကိုလည်း တဖက်က အသိအမှတ်ပြုသလို တဖက်ကလည်းပဲ တပ်မတော်နဲ့ ပတ်သက်လို့ရှိရင် ဒီကနေ့ ဗမာပြည်ရဲ့နိုင်ငံရေးမှာ သူဟာ ခုန ဘာပဲပြောပြော အဓိကကျတဲ့ အခန်းကဏ္ဍကနေပြီးတော့ ပါဝင်တဲ့အဖွဲ့အစည်းတခု ဖြစ်တယ်ဆိုတဲ့ဟာကိုလည်း အသိအမှတ် ပြုဖို့ လိုပါတယ်။ အဲဒီတော့ အသိအမှတ်ပြုတဲ့အနေအထားမျိုးရှိလာရင် တဖက်နဲ့တဖက်က လေးစားမှုရှိရမယ့်သဘော ဖြစ်လာပါတယ်။ လေးစားမှုရှိလာလို့ရှိရင် Respect ပေါ့လေ ရှိလာတယ်ဆိုလို့ရှိရင် လုပ်တဲ့လုပ်ငန်းတိုင်းမှာ သတိထားပြီးတော့ သူတို့နဲ့ ဆက်ဆံသွားရင် ပြေလည်မယ့်သဘောရှိပါတယ်။ အဲ ခုနလိုပဲ တို့နိုင်ပြီပဲ၊ တို့အများစုပဲ၊ တို့ဘာအဆုံးဖြတ်ဖြစ်ဖြစ် လုပ်လို့ရတယ်ဆိုတဲ့ ဒီလိုဟာမျိုးဖြစ်သလို၊ တဖက်ကလည်းပဲ ဟာ တို့လည်း တို့ ခုန ပေါ့ဗျာ အဲလို တယောက်နဲ့တယောက် အသိအမှတ်ပြုမှုအားနည်းလာတဲ့အနေအထားရှိလာရင် ဒါကြုံရမှာပဲ။ အဲဒီတော့ ဒီမိုကရေစီမှာကတော့ အများစုရဲ့ဆန္ဒအရ ဖြစ်သလို၊ အနည်းစုရဲ့ဆန္ဒကိုလည်း အလေးအနက်ထားရမယ်။ နည်းသည့်တိုင်အောင် မှန်ကန်နေတယ်ဆိုလို့ရှိရင်လည်းပဲ ခုန အသိအမှတ်ပြုပြီးတော့ ဒီလို အကျေအလည်ပေါ့လေ လုပ်လို့ရမယ့်သဘောရှိပါတယ်။ အဲဒီတော့ တခုရှိတာက ကျနော့်အမြင်ပေါ့လေ၊ ဒါက ကျနော်က ဘယ်မှ ဟိုဟာမဖြစ်ပါဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုပြီးသားဖြစ်တယ်၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုရဲ့ခေါင်းဆောင်ဆိုတာ ငြင်းလို့မရပါဘူး။ နော် ငြင်းလို့မရပါဘူး ဒီဥစ္စာက။ ဟုတ်လား ဒါက ဘယ်နိုင်ငံ ကျနော်တို့ ပြည်တွင်းမှာကော၊ နိုင်ငံတကာမှာကောဖြစ်နေတာ။ အဲဒီတော့ ဒီလောက်အလောတကြီးကြီးပေါ့ဗျာ နော် အလောတကြီး၊ ဟာ ချက်ခြင်းတင်၊ ဟုတ်လား၊ နှစ်ရက်သုံးရက် ဟုတ်လား ဆုံးဖြတ်ချက်ချ ဒီလို၊ ကျနော်ထင်တယ် ဒါ နည်းနည်းလောတယ်လို့ထင်တယ်။ အဲလို သက်ဆိုင်ရာပေါ့လေ တခြား အတိုက်အခံပါတီတွေက ပြောနေတဲ့အချက်အလက်တွေကိုလည်း လေးစား၊ လက်ခံစဉ်းစား၊ ပြီးရင် ခုနလို တကယ် Reasonable (ကျိုးကြောင်းဆီလျော်) ဖြစ်တယ်ဆိုရင်လည်းပဲ သူတို့ကိုလည်း အကျိုးသင့်အကြောင်းသင့် ပြောပြ၊ ရှင်းပြ ဟုတ်လား၊ ဒီလိုလုပ်ပြီးတော့မှ အကျေအလည်ဖြစ်သင့်တယ်လို့ ကျနော်မြင်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိုင်ပင်ခံပုဂိုလ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သူခုန လူထုခေါင်းဆောင်အနေနဲ့ ပါတီကလည်း အများဆုံးနိုင်နေတဲ့အနေအထားရှိတဲ့အခါကျတော့ သူ့ရဲ့Leading Role (ဦးဆောင်မှုအခန်း) က ပယ်ဖျက်လို့ရတာ မဟုတ်ဘူး။ ဒီလိုဥပဒေပြုမှရယ် မဟုတ်ဘူး။ ဒီဥစ္စာ၊ နိုင်ငံရေးပါတီမှာ လုပ်မယ်ဆိုလို့ရှိရင် နိုင်ငံရေးပါတီအနေနဲ့ နိုင်ငံတော်ပိုင်းကို ဦးဆောင်တဲ့ အခါမှာ လုပ်ရမယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်၊ နည်းလမ်းတွေအများကြီးရှိတယ်။ အဲလိုလုပ်သွားလို့ရတယ် ဒါကို ကျနော်ကတော့ ကျနော့်အမြင်ကတော့ သိပ်ပြီးတော့ အလောတကြီးနဲ့သဘောမျိုး ဖြစ်တဲ့အပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာတဲ့ဟာ။ ဒါလေးတွေက အစလေးတွေပေါ့ဗျာ၊ ဒါလည်းပဲ တခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ အတိုက်အခံနဲ့ အာဏာရပါတီအဖွဲ့အစည်းဟာ တချို့ ဒီထက်တောင်ပြင်းထန်တဲ့အနေအထားမျိုးတွေ ဖြစ်တတ်ကြတာ ရှိတာပဲ။ နိုင်ငံတကာ လွှတ်တော်တွေမှာ တွေ့ရတာ။ သို့သော် ဒီဥစ္စာကတော့ ကျနော်တို့က ဘာပဲပြောပြောပေါ့ ဒီမိုကရေစီယဉ်ကျေးမှုအရ ကန့်ကွက်ပိုင်ခွင့်ရှိတယ် ဟုတ်လား၊ တင်ပြပိုင်ခွင့်ရှိတယ်။ ဆွေးနွေးပိုင်ခွင့်ရှိတယ်စသဖြင့်ပေါ့လေ။ သူ့ရဲ့မကျေနပ်ချက်ကို တနည်းတဖုံသိအောင် ပြောပိုင်ခွင့်၊ ပြပိုင်ခွင့်၊ လှုပ်ရှားပိုင်ခွင့်ရှိတယ်ဆိုတဲ့ ဒီမိုကရေစီယဉ်ကျေးမှု အရ တော်တော်ယဉ်ကျေးနဲ့လုပ်တဲ့ အနေအထားတွေရှိတာ ဒါလည်း အသိအမှတ်ပြုရမယ့် သဘောရှိတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။ ” ဒေါက်တာတူးဂျာ (ဥက္ကဋ္ဌ - ကချင်ပြည်နယ်ဒီမိုကရေစီပါတီ) “ကျနော်သုံးသပ်ကြည့်တဲ့ အတိုင်းဆိုရင်တော့ အန်အယ်လ်ဒီက အခု အစိုးရတက်လုပ်နေ တယ်လေ။ ဆိုတဲ့အခါကျတော့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို အတတ်နိုင်ဆုံးလုပ်ပေးချင်တဲ့ စိတ်ကောင်းစေတနာနဲ့ အပြုသဘောဆောင်ဆောင် ပြဋ္ဌာန်းတဲ့ဥပဒေလို့ မြင်ပါတယ်။ ဒါကို လွှတ်တော်မှာ ပြန်ပြီး မဲခွဲတဲ့အပိုင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ ဒါက ဒီမိုကရေစီဖြစ်စဉ် အတိုင်း သွားရမှာပဲလေ။ ဒီမိုကရေစီဖြစ်စဉ်အတိုင်းဆိုရင်တော့ Majority rule Minority rights (ဒီမိုကရေစီအရ အများစုကအုပ်ချုပ်၊ အနည်းစုအခွင့်အရေးအလေးထား) အများစုသဘောထားကို အတည်ယူပြီးမှ အနည်းစုသဘောထားကို မှတ်တမ်းတင်။ အဲဒီသဘောနဲ့သွားမယ်ဆိုရင်တော့ ဒီမိုကရေစီကျင့်စဉ်နဲ့ ကွဲလွဲစရာမရှိပါဘူး။ အဲဒါကြောင့်မို့လို့ ကျနော်ကတော့ ယေဘူယျအားဖြင့် သုံးသပ်မယ်ဆိုလို့ရှိရင်တော့ ဒီဟာ ဒီလိုပြဋ္ဌာန်းတာ တိုင်းပြည်အတွက် ကောင်းရာ ကောင်းကြောင်းအတွက် ဖြစ်နိုင်တယ်လို့ပဲ ထင်ပါတယ်။ စောင့်ကြည့်ဖို့တော့ လိုသေးတာပေါ့။ ဒီဟာပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိသွားသလဲဆိုတာတော့ စောင့်ကြည့်ဖို့တော့လိုသေးတာပေါ့။ ဘာပဲဖြစ်ဖြစ် ကောင်းဖို့အတွက် ပြဋ္ဌာန်းတဲ့ဥပဒေတရပ်လို့ပဲ ထင်ပါတယ်။” (အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ကောင်းမွန်ဖို့ ပြောနေချိန်မှာ ဒီဖြစ်စဉ်နဲ့ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ အကြံပြုစရာ) “တပ်နဲ့ပြည်သူအကြားက ဆက်ဆံရေးတော့ မပျက်ပြားသင့်ပါဘူး။ ဒါ အရပ်သားအစိုးရမှာ တပ်ကလည်း သူ့အပိုင်းတွေမှာ ပါဝင်နေတာပဲ။ ဒါကြောင့်မို့ အချင်းချင်း ဒီတပ်နဲ့ အရပ်ဖက်ဟာ မပျက်ပြားသင့်ဘူး။ နားလည်မှု မပျက်ပြားသင့်ပါဘူး။ ဒါကြောင့် ဒီအကြောင်းအရာတခုတည်းနဲ့ပဲ ပျက်ပြားသွားတာမျိုးလည်း မဖြစ်စေချင်ပါဘူး။ ဘာကြောင့်ဆို ဒီဟာမျိုးတွေကတော့ တခါတလေရှိတတ်တာပဲ။ တပ်ဘက်က လည်း နားလည်မှုရှိရမယ်၊ အရပ်ဘက်ကလည်း နားလည်မှုရှိရမယ်။ အမြဲတမ်းဒီလိုနဲ့ပဲ သွားကြမယ်၊ ဒီလိုပုံစံနဲ့ပဲ သွားကြမယ်ဆိုတာမျိုးလည်း ဒီဟာ မစဉ်းစားသင့်ဘူးလေ။ တခါတလေကျလို့ရှိရင် အပေးအယူအလျော့အတင်းတော့ ရှိသင့်တာပေါ့။ အမြဲတမ်း ကိုယ့်ဘက် ကိုယ်လိုချင်တဲ့ ပုံစံချည်းပဲဆိုတာမျိုးလည်း ဒါလည်းပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒါကြောင့်မို့ ဒါဟာ ကျနော် ခြုံငုံပြီးပြောမယ်ဆိုရင် လွှတ်တော်ကိစ္စကတော့ ဒီမိုကရေစီဖြစ်စဉ်ကို အလေးထားဖို့၊ အထူးသဖြင့်ကတော့ အပြန်အလှန်လေးစားဖို့၊ တန်ဖိုးထားဖို့၊ မိတ်မပျက်သွားနိုင်ဖို့ အရေးကြီးပါတယ်။” လို့ ပြောပါတယ်။
5 years Ago
Up