ရက်စက်ကြမ်းကြုတ်သည့် စပိန်ကျွဲရိုင်းသတ်ပွဲကို တိရစ္ဆာန်ချစ်သူများ ကန့်ကွက် (ရုပ်သံ)

A d v e r t i s e m e n t With Us

October 16, 2016

ရက်စက်ကြမ်းကြုတ်သည့် စပိန်ကျွဲရိုင်းသတ်ပွဲကို တိရစ္ဆာန်ချစ်သူများ ကန့်ကွက် (ရုပ်သံ)

စပိန်နိုင်ငံရဲ့ ကျေးလက်ပိုင်းက မြို့တွေနဲ့ မြို့နယ်တော်တော်များများမှာ ကျွဲရိုင်းသတ်ပွဲအတွက် ကွင်းကျယ်ကြီးတွေ ဆောက်ထားတာကို တွေ့ရပါတယ်။ ဒီကျွဲရိုင်းသတ်ပွဲတွေထဲမှာ ကွင်းအကျယ်ကြီးတွေနဲ့ ကျေးလက်က လမ်းတွေပေါ်မှာ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ဘီး ၄ ဘီးပါတဲ့ မော်တော်ဆိုင်ကယ်တွေ၊ မြင်းတွေနဲ့ လူအုပ်စုတွေက ဒီကျွဲတွေရဲ့နောက်ကို လိုက်တဲ့ပွဲတွေပါ ပါဝင်ပါတယ်။ ဒီယာဉ်အမျိုးမျိုးဟာ ကျွဲတွေ လုံးဝကို ရှေ့ဆက်မသွားနိုင်တော့အထိ နောက်က လိုက်ကြပါတယ်။ ပြီးတော့ ကျွဲတွေကို အချွန်အတက်တွေ၊ တုတ်တွေ၊ ကျောက်တုံးတွေနဲ့တောင်မှ ထိုးပြီး စနေကြတာပါ။ အောက်တိုဘာ ၁၂ ရက်နေ့က ယူကျု့မှာတင်ထားတဲ့ ရုပ်သံဖိုင်ထဲမှာ ကျွဲတွေရဲ့နောက်က လိုက်သူအချို့ဟာ သူတို့ရဲ့ လုံခြုံတဲ့ကားပေါ်ကနေပြီး ကျွဲတွေကို အချွန်အတက်တွေ၊ တုတ်တွေနဲ့ ထိုးနေတာကို တွေ့ရမှာပါ။ အချို့လူတွေကတော့ လုံခြုံတဲ့ အကွာအဝေးကနေပြီး ကျောက်တုံးတွေနဲ့ လှမ်းပစ်နေတာပါ။ မြင်းပေါ်က လူတဦးကလည်း ကျွဲက လဲကျသွားတဲ့အချိန်မှာ သူ့မှာပါတဲ့ တုတ်ချွန်နဲ့ ထပ်တလဲလဲ ထိုးနေပါသေးတယ်။ ကျွဲကပြန်ရပ်ပြီး ဆက်မသွားနိုင်လောက်အောင် ဖြစ်နေတာကို မြင်ရတော့ ဒီမြင်းပေါ်ကလူရဲ့မျက်နှာမှာ စိတ်တိုနေတဲ့ အမူအရာလည်း ပေါ်နေပါတယ်။ ဗွီဒီယိုပြကွက်မှာတော့ လူငယ်စုံတွဲတစ်တွဲဟာ သူတို့ရဲ့ကားပြတင်းပေါက်ကနေ ပေအနည်းငယ်ဝေးတဲ့နေရာမှာ ကျွဲတွေကို နှိပ်စက်နေတာ ကြည့်ပြီး တဦးနဲ့တဦး ဖက်ပြီး ရယ်မောနေကြတာပါ။ နောက်ဆုံးဗွီဒီယိုပြကွက်ကတော့ အမျိုးသားတဦးက ကားရဲ့ရှေ့ဖုံးပေါ်မှာ မတ်တတ်ရပ်ပြီး ကိုယ်ကို ရှေ့ကိုင်းထားပြီး ကျွဲတကောင်ရဲ့ ဦးခေါင်းကို ကျွဲ၊ နွားတွေ သတ်တဲ့နေရာမှာသုံးတဲ့ လက်နက်နဲ့ ပစ်လိုက်ပါတယ်။ ဒီလိုပွဲမျိုးတွေ ကျင်းပတာဟာ ယခင်အချိန်တွေတုန်းက စပိန်နိုင်ငံရဲ့ ဖုန်သဲထူထပ်တဲ့ တောပိုင်းဒေသတွေမှာ ခေတ်စားခဲ့ပြီး တိရစ္ဆာန်တွေ နှိပ်စက်ကလူပြုမှုကို ဆန့်ကျင်တဲ့ The Party Against Animal Cruelty (PACMA) အဖွဲ့က ဒီလိုပွဲတွေဟာ ခုတော့ ရာဂဏန်း ရှိတယ်လို့ ဆိုပါတယ်။ “ဘာပဲဖြစ်ဖြစ် ဒီပွဲတွေ ကျင်းပတာဟာ တရားဥပဒေချိုးဖောက်တာပါ။ အများစုက သောက်ထားကြတယ်။ စပိန်ဥပဒေအရ အကယ်၍ပွဲမှာ ပါဝင်တဲ့သူတွေဟာ သောက်ထားမယ် မူးယစ်ဆေးဝါး သုံးစွဲထားမယ်ဆိုရင် ဒီပွဲမှာ ပါဝင်ခွင့် မရှိပါဘူး။ ရပ်ရွာလုံခြုံရေးက ဒီပွဲမှာရှိတယ်။ ဒါပေမယ့် ဥပဒေကိုတော့ သုံးပုံမပေါ်ဘူး” လို့ တိရစ္ဆာန်ချစ်သူများအဖွဲ့က ပြောပါတယ်။ “ကျနော်တို့က ဘာမှ အမှားမလုပ်ဘူးလေ။ ပါဝင်တဲ့သူတွေက ဥပဒေချိုးဖောက်တယ်။ ရာဇဝတ်မှုတော့ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ကလည်း ဘာမှ ဝင်မစွက်ဖက်ဘူး” လို့ ရပ်ရွာလုံခြုံရေးက ပြောပါတယ်။ တိရစ္ဆာန်ညှဉ်းပန်းတာ ဆန့်ကျင်တဲ့ အချို့အဖွဲ့တွေကလည်း Thomas Cook လို ခရီးသွားကုမ္ပဏီတွေအနေနဲ့ ဒီလိုကျွဲရိုင်းသတ်ပွဲတွေကို သူတို့ရဲ့ အားလပ်ရက် ခရီးသွား အစီအစဉ်ထဲမှာ ထည့်ပြီး ခရီးသွားမြှင့်တင်နေတဲ့ ကိစ္စကို ရပ်တန့်ဖို့လည်း တိုက်တွန်းထားပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ အားကစားပွဲတွေ ဆန့်ကျင်ရေးအဖွဲ့ရဲ့ မူဝါဒနဲ့ သုတေသနဆိုင်ရာ အကြီးအကဲတဦးဖြစ်သူ Jordi Casamitjana ကလည်း “ကျနော်တို့ကတော့ ဒီလိုလုပ်ရပ်တွေကို တရားမျှမျှတတ ဖြစ်စေချင်တယ်။ ဒေသခံအာဏာပိုင်တွေအနေနဲ့လည်း ဒီလိုပွဲမျိုးတွေဟာ ကနေ့ခေတ်ကာလရဲ့ စံတန်ဖိုးတွေနဲ့ မကိုက်ညီတော့တဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ပျက်စရာ ကိစ္စတွေဆိုတာ သိစေချင်တယ်” လို့ ပြောပါတယ်။
4 years Ago
Up