ရက္ခိုင့်တပ်တော်

A d v e r t i s e m e n t With Us

October 19, 2020

အစိုးရကဖမ်းဆီးထားသူများအား လွှတ်ပေးလျှင် NLD ၃ ဦးကိုပြန်လွှတ်မည်ဟု အေအေ‌ကြေညာ

အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးမင်းအောင်၊  ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ ၃ ယောက်ကို  စစ်ဆေးမေးမြန်းဖို့ခေါ်ဆောင်ထားခြင်းဖြစ်ပြီး ကာလတစ်ခုအထိ ထိန်းသိမ်းစစ်ဆေးသွားမယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင်အဖွဲ့က ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အန်အယ်လ်ဒီ အစိုးရက ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြခဲ့တဲ့ကျောင်းသားတွေကိုပြန်လွှတ်ပေးရင် အခုဖမ်းထားတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၃ ယောက်ကို ပြန်လွှတ်ပေးမယ်လို့လည်း ပြောပါတယ်။ ရခိုင်တော်လှန်ရေးကို အနှောင့်အယှက်ပေးတဲ့ အမတ်တချို့ကို ခေါ်ယူစစ်ဆေးပြီး သင့်တော်တဲ့ အခြေအနေမှာ ပြန်လွှတ်ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တိုက်ပွဲမရှိတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်ဘဲ အန်အယ်လ်ဒီ နိုင်မယ်လို့ထင်တဲ့ ပလက်ဝလိုနေရာမျိုးမှာ တိုက်ပွဲဘယ်လောက်ဖြစ်ဖြစ် ရွေးကောက်ပွဲလုပ်ဖို့ ဆောင်ရွက်နေတာဟာ နိုင်ငံရေးအကောက်ကြံတဲ့ မသမာတဲ့ ရွေးကောက်ပွဲကို လုပ်ဖို့ ကြံရွယ်နေတာလို့လည်း အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။ အောက်တိုဘာ ၁၄ ရက်မနက်က  တောင်ကုတ်မြို့နယ်‌ ဖေါင်းခါးကျေးရွာမှာ ရွေးကောက်ပွဲ  အောင်နိုင်ရေး စည်းရုံးလှုပ်ရှားနေတဲ့  ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို လက်နက်ကိုင်လူတစုက သေနတ်နဲ့ ချိန်ရွယ် ရိုက်နှက်ကာ ကြိုးတုပ် ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။  လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးလွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောက်တိုဘာ ၁၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ လက်နက်ပြ ခြိမ်းခြောက် ဖမ်းဆီးမှုဟာ တရားမျှတမှုမရှိတဲ့ အကြမ်းဖက် ဖမ်းဆီးမှု ဖြစ်တာကြောင့် ပြင်းထန်စွာ ရှုတ်ချပြီး လက်နက်အားကိုး အနိုင်အထက်ပြု ဖမ်းဆီးမှုကို လက်မခံဘဲ ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဘက်က ရပ်တည်ပြီး ဆန့်ကျင်ကြဖို့လည်း ပြည်သူတွေကို အန်အယ်လ်ဒီက တိုက်တွန်းထားပါတယ်။
4 months Ago

March 8, 2020

မြောက်ဦးတွင် တပ်မတော်နှင့်အေအေ တိုက်ပွဲဖြစ်၊ အရပ်သား ၄ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောင်းဘွေးတံတားနားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ မတ် ၈ ရက်နေ့ မနက် အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မြောင်းဘွေးကျေးရွာနားက ဘူးတလုံးကျေးရွာသား ၃ ဦးနဲ့ မြောင်ဘွေတံတားဆောက်လုပ်ရေးခွင်မှာ အလုပ်လုပ်ကိုင်နေသူ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘူးတလုံးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်သာညွန့်က ပြောပါတယ်။ “ဘူးတလုံးကျေးရွာက မွတ်စလင် ၃ ယောက်ဒဏ်ရာရပါတယ်။ ရခိုင် တယောက် တယောက်ဒဏ်ရာရတယ်။ ဘူးတလုံး ကျေးရွာအမျိုးသမီးတယောက်ဆိုရင် ခေါင်းမှာ လက်နက်ကြီးကျည်စ ထိမှန်သွားတယ်။ အခြေအနေစိုးရိမ်ရတယ်။ တိုက်ပွဲဖြစ်တာက နှစ်ကြိမ်ဖြစ်တယ်။ မနက်အစောကြီး ၃ နာရီကျော် လောက်မှာ တကြိမ်ဖြစ်တယ်၊ ၇ နာရီလောက်မှာ တကြိမ်ဖြစ်တယ်။” အဲ့ဒီတိုက်ပွဲတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဘူးတလုံးကျေးရွာနားက ကောက်ရိုးပုံ ၄ ခု မီးလောင်သွားသလို နွားသုံးကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ မြောင်းဘွေကျေးရွာနေ အမည်မဖော်လိုသူတဦးက “တပ်မတော်စစ်ကြောင်းက ကျနော်တို့မြောင်ဘွေးကျေးရွာနားကို ရောက်လာတယ်။ ဒီမနက်ပိုင်း ၃ နာရီလောက်စစ်ကြောင်း ထွက်သွားတယ်ထင်တယ်။ အဲ့ဒီမှာ တိုက်ပွဲဖြစ်ကြတာပါ။ တိုက်ပွဲမဖြစ်ခင်မှာ ပေါက်ကွဲသံ တချက်ကြားလိုက်သေးတယ်။ အဲ့ဒီနောက်မှတော့ တိုက်ပွဲဖြစ်ကြတာ။ ရွာတံတားနားမှာ ဖြစ်ကြတာ” လို့ ပြောပါတယ်။ ဘူးတလုံးကျေးရွာက ဒဏ်ရာရရှိခဲ့သူတွေကတော့ ရောတီခါ (အသက် ၁၇ နှစ်)က ခြေထောက်ဒဏ်ရာတချက်၊ ချောင်ချူးဟာလောင် အသက် ၅ နှစ်က ဦးခေါင်းဒဏ်ရာတချက်၊ ဒေါ်အာချောင်အသက် ၃၀ က ဦးခေါင်းဒဏ်ရာတချက်နဲ့ မြောင်ဘွေးတံတားဆောက်လုပ်ရေးခွင်မှာအလုပ်နေတဲ့ ဦးညွန်လှိုင် အသက် ၃၇ နှစ်ကတော့ ခါးနဲ့ လက်မောင်းမှာ ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးနဲ့ အေအေပြောခွင့်ရ ခိုင်သုခတို့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့်  ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။
12 months Ago
Up