တောင်ကိုရီးယားအမျိုးသမီး ရေခဲပြင်ဟော်ကီအသင်းမှာ မြောက်ကိုရီးယား အမျိုးသမီးကစားသမားတွေ ပူးပေါင်းပြီး တနိုင်ငံတည်းအဖြစ် လာမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
နှစ်နိုင်ငံစလုံးက ကစားသမားတွေဟာ ဘုံအလံအဖြစ် သဘောတူညီထားတဲ့အ လံတစ်ခုတည်းအောက်မှာ ပြိုင်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားအမျိုးသမီး ကစားသမား ၁၂ ဦးဟာ ရေခဲပြင်ဟော်ကီအသင်းမှာ ပါဝင်မှာဖြစ်ပြီးတော့ အနည်းဆုံးကစားသမား ၃ ဦးကို ပွဲထွက်ကစားခွင့် ပေးရမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့မှာကျင်းပမယ့် ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို မြောက်ကိုရီးယားအားကစားသမား ၂၂ ယောက် စေလွှတ်ယှဉ်ပြိုင်စေမယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ အခုလအစောပိုင်းက ၂ နှစ်အတွင်း ဆက်ဆံရေး အကောင်းဆုံးပံစံအဖြစ် ညှိနှိုင်းမှုအချို့ ပြုလုပ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီအနေနဲ့ မြောက်ကိုရီးယားအားကစားသမားတွေ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ရေး ဆွေးနွေးခဲ့ပါတယ်။
IOC ရဲ့ဥက္ကဋ္ဌ ဘက်ခ်ျကတော့ ဒီပြိုင်ပွဲဟာ ကိုရီးယားကျွန်းဆွယ်ဆက်ဆံရေးအတွက် ပွင့်လန်းလာမယ့် အနာဂတ်ဖြစ်သလို ခရီးရှည်ကြီးရဲ့ မိုင်တိုင်တစ်ခုဖြစ်လာမယ်ဆို့ ဆိုပါတယ်။ ဒါ့အပြင် အိုလံပစ်စိတ်ဓာတ်ဆိုတာ လေးစားမှု၊နားလည်မှုနဲ့ ဆွေးနွေးတိုင်ပင်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားအသင်းဟာ နှင်းလျှောစီးကစားနည်းနဲ့ ရေခဲပြင်စကိတ်အားကစားနည်းတွေမှာလည်း ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
5 years Ago