ယောဒေသ

November 19, 2021

ယောဒေသတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က ရဟတ်ယာဉ်သုံး ပစ်ခတ်သဖြင့် ပြည်သူ ၁ ထောင်ခန့် တိမ်းရှောင်

မကွေးတိုင်း ဂန့်ဂေါခရိုင်၊ ယောဒေသမှာ ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီ က သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်မနက်ပိုင်းက PDF-ဆော၊ ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ PDF-ဆော တပ်ဖွဲ့က သိရပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီလောက်မှာလည်း ကျောက်ထုလေယာဉ်ကွင်းမှာ အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ် ၂  စီးဆင်းသက်ကာ စစ်တပ်အင်အား ၁၀၀ လောက်အင်အားဖြည့်ထားပြီး ရဟတ်ယာဉ် စက်သေနတ်တွေ ဘယ်ညာ တပ်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့ မနက် ၁၁ နာရီကျော်လောက်မှာတော့ ဆောမြို့နယ် တောမရွာနဲ့ ကျင်းလိန်ရွာနားတွေမှာ ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ ဆက်တိုက် ပစ်ခတ်နေတာကြောင့် ဒေသခံ ပြည်သူ တစ်ထောင်လောက် ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်းနေကြရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

မကွေးတိုင်း ထီးလင်းမြို့နယ် ထန်ပင်ကုန်းရွာနားမှာလည်း နိုဝင်ဘာလ ၁၇ ရက်နေ့က YDFတပ်ဖွဲ့၊ CDF မင်းတပ် ပူးပေါင်းအဖွဲ့ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီနပ်သား ၁၀ ယောက်လောက်သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ YDF က ဒီကနေ့ နေလယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း YDF(ထီးလင်း) က ရဲဘော် ၁၃ ယောက်နဲ့ CDF(မင်းတပ်)က ရဲဘော်တစ်ယောက် တိုင်းပြည်အတွက် ကျဆုံးခဲ့ရပြီး ရဲဘော် ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေကလည်း စစ်ဘေးရှောင်ရွာသား ၅ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အပြစ်မဲ့ အရပ်သား စစ်ဘေးရှောင်ပြည်သူ ၅ ယောက်ကို သတ်ဖြတ်တာနဲ့ ကျဆုံးခဲ့ရတဲ့ YDF/CDF ရဲဘော်တွေအတွက် စစ်ကောင်စီတပ်တွေကို နေရာဒေသမရွေး လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

2 weeks Ago

October 20, 2021

မကွေးတိုင်း ယောဒေသတွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်လုနီးပါးဖြစ်နေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲက ယောဒေသမှာ အုပ်ချုပ်ရေးမှူး ၂၅၀ ကျော်နုတ်ထွက်ခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားပျက်လုနီးပါးဖြစ်နေပြီလို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အောက်တိုဘာလအတွင်းမှာ ရဲတပ်ဖွဲ့ဝင် ၇ ယောက်အထိ YDF ဆီမှာခိုလှုံခွင့်တောင်းပြီး CDM ဝင်ခဲ့သလို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်အများအပြားလည်း လက်နက်ချခဲ့ကြပါတယ်။ 

ယောဒေသဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်တဲ့အဓိက လမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် ယောဒေသကို လွတ်မြောက်နယ်မြေအဖြစ်ဆောင်ရွက်နိုင်မယ်ဆိုရင် စစ်ကောင်စီရဲ့ ဆက်သွယ်သွားလာရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းနယ်စပ် အနောက်မြောက်တိုင်းစစ်ဒေသကို စစ်ကောင်စီက အင်အားဖြည့်တင်းမှုတွေပြုလုပ်နေပြီး အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တွေက ပြောပါတယ်။

ဒါကြောင့် အနောက်မြောက်တိုင်းစစ်ဒေသကို စစ်ကောင်စီထိုးစစ်ဆင်နေတဲ့ အခြေအနေတွေကို ပြည်သူတွေက မျက်ခြေမပြတ်စောင့်ကြည့်ပြီး ကူညီထောက်ပံ့ပေးကြဖို့ YDF တာဝန်ရှိသူက မေတ္တာရပ်ခံပါတယ်။

"ယောဒေသမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရပ်လုနီးဖြစ်နေပါပြီ။ ပြည်သူတွေက ယောဒေသအခြေအနေတွေကို‌ စောင့်ကြည့်ပြီး လိုအပ်တဲ့အကူအညီတွေပေးကြပါလို့ ပြောချင်ပါတယ်"

စစ်ကောင်စီက ချင်းပြည်နယ်မှာ တပ်သားအင်အား ၁၀၀၀၀ ကျော် ထပ်တိုးချထားပြီး ဟားခါးမြို့ကို အဓိကထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ မူလရှိနေတဲ့ စစ်သားအင်အားနဲ့ပေါင်းရင် စစ်သားအင်အား ၃၀၀၀ လောက်အထိ ချင်းပြည်နယ်မှာ နေရာချနေတာဖြစ်ပါတယ်။ 

အောက်တိုဘာလအတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ပို့လွှတ်တဲ့ စစ်အင်အားတွေဟာ ဂန့်ဂေါ-ကလေးကတဆင့် ဖလမ်း၊ ဟားခါးအထိရောက်နေပြီး ပေါက်-ကျောက်ထုကတဆင့် မင်းတပ်-မတူပီအထိရောက်ရှိနေပါတယ်။ 

စစ်ကောင်စီက ထပ်ပြီးဖြည့်တင်းတဲ့တပ်တွေမှာ တပ်သားအင်အားရာချီပါဝင်ပြီး အမြောက်တပ်၊ သံချပ်ကာယာဉ်တွေနဲ့ အဝေးပစ်လက်နက်တွေလည်းပါဝင်ပါတယ်။ အနောက်မြောက်တိုင်းစစ်ဒေသကို နေပြည်တော်ကဗိုလ်ချုပ်ကြီးနှစ်ယောက် ကွပ်ကဲနေပြီး ချင်း၊ ယောနဲ့ စစ်ကိုင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပါတယ်။

မတူပီ CDF တာဝန်ရှိသူတစ်ဦး "စစ်ကောင်စီဘက်က တပ်အင်အားဖြည့်လာတဲ့ အနေအထားရှိလာတယ်။ အောက်ပြည်က တက်လာတဲ့ တပ်အင်အားရှိ သလို မတူပီမှာထိုင်တဲ့ ဗျူဟာတပ်ကနေ နယ်မြေရှင်းလင်းရေးတွေ လက်နက်ကြီးပစ်ကူတွေနဲ့ ရှေ့ဆက်တိုးနေတဲ့ အခြေအနေရှိပါတယ်။ မတူပီမှာ အခြေချတဲ့ ခလရ ၃၀၄၊ ခလရ ၁၄၀၊ ဗျူဟာ တပ်ရှိမယ်။ နောက်ထပ် ထပ်တိုးကတော့ ခလရ ၃၀၉ စုစုပေါင်း တပ်သားအင်အား ၇၀ လောက်က စက်ယန္တရား သုံးစီးနဲ့မတူပီ-မင်းတပ် လမ်းပိုင်းမှာရှိနေတယ်လို့ သတင်းရပါတယ်။ အောက်ပြည်က တက်လာတာကတော့ စကစ ကား ၈၃ စီးနဲ့ လူဦးရေ ၂၀၀ လောက်ပါတယ်လို့ မြေပြင် အချက်အလက်အရ သိရတယ်။ လောလောဆယ်မှာ ကျနော်တို့က လုံခြုံရေးအပြည့်ယူပြီးတော့ အသင့်အနေအထားနဲ့စောင့်တယ်။ အချိန်မရွေးတိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်။" 

စစ်ရေးတင်းမာလာနိုင်တဲ့အတွက် မတူပီမြို့အရှေ့ပိုင်းက ကျေးရွာတွေက ရွာသားတွေဟာ တောထဲနဲ့ ဘေးလွတ်ရာနေရာတွေကို ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ 

ချင်းပြည်နယ် တစ်ခုထဲမှာ စစ်ဘေးသင့်ပြည်သူ ၅၀၀၀၀ ကျော်ရှိနေပြီး အနောက်မြောက်တိုင်းစစ်ဒေသ တစ်ခုလုံးမှာဆိုရင် သိန်းနဲ့ချီတဲ့ပြည်သူတွေဟာ စစ်ဘေးသင့်နေပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေနဲ့ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ PDF တွေအတွက် ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေး ဝန်ထမ်းတွေထောက်ပံ့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရကို စစ်ကိုင်းဒေသခံ PDF တပ်ဖွဲ့ဝင်တွေက တိုက်တွန်းပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီက ဗျူဟာမြောက်ထိုးစစ်ဆင်ပြီး နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒေသခံ PDF တွေကလည်း လက်နက်နဲ့လူအင်အားဖြည့်တင်းပြီး အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။

လက်နက်အင်အား၊ လူအင်အားမမျှတတဲ့အခြေအနေဖြစ်ပေမယ့် စိတ်ဓာတ်ရေးရာအားသာချက်နဲ့ နယ်မြေကျွမ်းကျင်မှုကိုအသုံးချပြီး ခုခံတုံ့ပြန်မယ်လို့ ဒေသခံ PDF ခေါင်းဆောင်တွေက ပြောပါတယ်။

1 month Ago
More News
Up