ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်နှင့် ဗင်နီဇွဲလား ဗိုလ်လုမည်

June 9, 2017

ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်နှင့် ဗင်နီဇွဲလား ဗိုလ်လုမည် (ရုပ်သံဟိုက်လိုက်)

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၂၀ ကမ္ဘာ့ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ နာမည်ကြီး အင်္ဂလန်က အီတလီကို ၃ ဂိုး ၁ ဂိုး၊ ဗင်နီဇွဲလားက ဥရုဂွေးကို ပယ်နယ်တီမှာ ၅ ဂိုး ၄ ဂိုးနဲ့ အသီးသီးအနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းသွားကြပါတယ်။ အင်္ဂလန်နဲ့ အီတလီအသင်းပွဲစဉ်မှာ အဖွင့်ဂိုးကို ပွဲအစ ၃ မိနစ်မှာပဲ အီတလီကသွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့တာပါ။ အင်္ဂလန်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပွဲချိန် ဒုတိယပိုင်းကျမှ သွင်းယူနိုင်ခဲ့ပြီး ၆၆ မိနစ်နဲ့ ၈၈ မိနစ်တွေမှာ လီဗာပူး လူငယ်တိုက်စစ်မှူး ဆိုလန်းကီးက ၂ ဂိုး၊ ၇၇ မိနစ်မှာ အဲဗာတန် လူငယ်ကစားသမား လွန်ခ်မန်းက ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်အသင်းဟာ အိမ်ရှင် တောင်ကိုရီးယား၊ နာမည်ကြီး အာဂျင်တီးနား၊ အာဖရိကက ဂီနီယာတို့နဲ့ တအုပ်စုတည်းကျခဲ့ပြီး အုပ်စုအဖွင့်ပွဲမှာ အာဂျင်တီးနားကို ၃ ဂိုး ဂိုးမရှိ၊ ဒုတိယပွဲစဉ်မှာ ဂီနီယာနဲ့ တဂိုးစီသရေ၊ အုပ်စုနောက်ဆုံးပွဲမှာ အိမ်ရှင် တောင်ကိုရီးယားကို ၁ ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စုပထမနဲ့ နောက်တဆင့် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ့နောက် ရှုံးထွက်အဆင့်မှာ ကော့စတာရီကာကို ၂ ဂိုး ၁ ဂိုး၊ ကွာတားဖိုင်နယ်မှာ မက္ကဆီကိုကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗင်နီဇွဲလားအသင်းကလည်း နာမည်ကြီး ဂျာမနီ၊ မက္ကဆီကိုနဲ့ သမုဒ္ဒရာပိုင်းဇုန်က ဗန်နွာတူ နိုင်ငံတွေနဲ့ တအုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စုတွင်း သုံးပွဲစလုံး အနိုင်ရကာ အုပ်စုပထမအဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းခဲ့တာပါ။ ရှုံးထွက်အဆင့်မှာ ဗင်နီဇွဲလားဟာ အာရှထိပ်သီး ဂျပန်ကို အချိန်ပိုသွင်းဂိုး ၁ ဂိုး ဂိုးမရှိ၊ ကွာတားဖိုင်နယ်မှာ အမေရိကန်ကို အချိန်ပိုသွင်းဂိုး ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ဗင်နီဇွဲလားတို့ရဲ့ နောက်ဆုံးဗိုလ်လုပွဲကိုတော့ လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ (အင်္ဂလန်နဲ့ အီတလီတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ဟိုက်လိုက်ကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။)
4 years Ago
Up