လက်ရှိ ချန်ပီယံလည်းဖြစ် ယူရိုဖလား ၃ ကြိမ်ရထားဖူးတဲ့ နာမည်ကြီး စပိန်အသင်းဟာ အုပ်စု ဒီမှာ အင်အားတောင့်တင်းတဲ့ ချက်၊ တူရကီ၊ ခရိုအေးရှား အသင်းတွေနဲ့အတူ အုပ်စုကျပ်ထဲမှာ ကျရောက်နေပါတယ်။
စပိန်ဟာ ခြေစစ်ပွဲတုန်းက ယူကရိန်း၊ စလိုဗက်ကီးယား၊ လူဇင်ဘတ်၊ ဘယ်လာရုစ်၊ မက်ဆီဒိုးနီးယား အစရှိတဲ့ တအုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စု ပထမ နေရာကနေ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
ခြေစစ်ပွဲအောင်တုန်းက ပါဝင်ခဲ့တဲ့ ဇာဗီ၊ အလွန်ဆိုတို့လို ကစားသမားတွေ အသင်းကနေ အနားယူသွားခဲ့ပေမယ့် ရီးရဲလ်၊ ဘာစီလိုနာနဲ့ အက်သလက်တီကို စတဲ့ စပိန်လာလီဂါ ထိပ်သီးအသင်းတွေက ထိပ်တန်းကစားသမား အများအပြား ဆက်လက်ပါဝင်နေဆဲဖြစ်ပြီး တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။
ဂိုးသမားနေရာမှာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ၁၆၅ ပွဲ ကစားပေးထားတဲ့ ၀ါရင့်ဂိုးသမား ကားစီးလက်စ်နဲ့ မန်ယူမှာ လက်စွမ်းပြနေတဲ့ ဒီဂီယာတို့ကို ရွေးထားပါတယ်။
နောက်တန်းမှာ ကမ္ဘာ့အဆင့် နောက်ခံလူတွေဖြစ်တဲ့ ရီးရဲလ်က ရာမို့စ်နဲ့ ဘာစီလိုနာက ပီကေး၊ နောက်ခံအစွန်လူ ဂျော်ဒီအယ်ဘာနဲ့ ကာဗာဂျယ် စသူတွေရှိနေပါတယ်။
ကွင်းလယ်မှာ ၂၀၁၂ မှာ ဗိုလ်စွဲခဲ့တဲ့အသင်းက ဖာဘရီဂတ်စ်၊ အင်နီယေစတာ၊ ဘတ်စကွက်စ်တို့ ဆက်လက်ပါဝင်မှာ ဖြစ်သလို အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ကိုကီ၊ ဆာအူးလ်၊ ရီးယဲလ်အသင်းရဲ့ အစ္စကို၊ ဘိုင်ယန်မြူနစ်အသင်းက သီယာဂိုတို့လို လူငယ်ကြယ်ပွင့်တွေကိုလည်း စပိန်အသင်းမှာ မြင်တွေ့ရမှာပါ။
တိုက်စစ်မှာတော့ ဘီလ်ဘာအိုအသင်းနဲ့ ခြေစွမ်းပြခဲ့တဲ့ ၀ါရင့်တိုက်စစ်မှူး အဒူးရစ်နဲ့ ဂျူဗင်တပ်စ်အသင်းက မိုရာတာတို့လို ကစားသမားတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အက်သလက်တီကိုတိုက်စစ်မှူး တောရက်စ်၊ ချဲလ်ဆီးက ဒီရေဂို ကော်စတာ၊ မန်ယူက မာတာနဲ့ အာဆင်နယ်က ကာဇိုလာတို့ကိုတော့ လက်ရွေးစင်အသင်းမှာ ပါမလာနိုင်တော့ဘူးလို့ သတင်းတွေ ထွက်နေပါတယ်။
နည်းပြနေရာမှာတော့ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို ၂၀၁၂ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတို့မှာ ကိုင်တွယ်ခဲ့တဲ့ ၀ါရင့်နည်းပြကြီး ဒဲလ်ဘော့စကေးကပဲ ကိုင်တွယ်မှာပါ။
စပိန်အသင်းဟာ အုပ်စုဒီမှာတော့ အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတာကြောင့် အုပ်စုကနေတက်ဖို့ အလားအလာ ကောင်းနေသလို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတသင်းဆိုရင်လည်း မမှားပါဘူး။
ယူရိုပြိုင်ပွဲသမိုင်းမှာ စပိန်အသင်းဟာ ၁၉၆၄ ခုနှစ်က အိမ်ကွင်းမှာ ချန်ပီယံဖလားရခဲ့ပြီး ၂၀၀၈ နဲ့ ၂၀၁၂ ယူရိုပြိုင်ပွဲတွေမှာ နှစ်ကြိမ်ဆက်တိုက် အောင်ပွဲခံခဲ့သလို ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အနိုင်ရဗိုလ်စွဲခဲ့လို့ အဲဒီအချိန်က ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၄ ကမ္ဘာ့ဖလားမှာတော့ ရေပန်းစားသလောက် အောင်မြင်မှုမရဘဲ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်သွားခဲ့ရလို့ ခုတကြိမ် အလားတူအဖြစ်မျိုး ထပ်ကြုံမလား ဒါမှမဟုတ် ချန်ပီယံဆုဖလားကို ကာကွယ်ပြီး စပိန်တို့ နောက်တကြိမ် ယူရိုဖလားကြီးကို ထပ်ယူပြနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
ပဏာမလူစာရင်း (အပြောင်းအလဲရှိနိုင်သည်)
ဂိုး- ကားဆီးလက်စ်(ပေါ်တို)၊ ဒီဂီယာ(မန်ယူ)၊ ဆာဂျီယိုရီကို(ဆီဗီလာ)
နောက်တန်း- ရာမို့စ်(ရီးရဲလ်)၊ ကာဗာဂျယ်(ရီးရဲလ်)၊ ပီကေး(ဘာစီလိုနာ)၊ ဂျော်ဒီအဲလ်ဘာ(ဘာစီလိုနာ)၊ ဘာထရာ(ဘာစီလိုနာ)၊ ဂျန်ဖာရန် (အက်သလက်တီကို)၊ ကျူတာ(ချယ်ဆီး)၊ ဂက်စ်ပါး(ဗီလာရီးရဲလ်)၊ နာချို(ရီးရဲလ်)၊
အလယ်တန်း- ဖာဘရီဂတ်စ်(ချယ်ဆီး)၊ ဆေးလ်ဗား(မန်စီးတီး)၊ အစ္စကို(ရီးရဲလ်)၊ ဘက်စ်ကွက်ဇ်(ဘာစီလိုနာ)၊ အင်နီယေစတာ(ဘာစီလိုနာ)၊ ကိုကီ(အက်သလက်တီကို)၊ သီရေဂိုအယ်လ်ကန်တာရာ (ဘိုင်ယန်မြူနစ်)၊
ရှေ့တန်း- အယ်လ်ကာဆာ(ဗလင်စီယာ)၊ မိုရာတာ(ဂျူဗင်တပ်)၊ ပက်ဒရို(ချဲလ်ဆီး)၊ အယ်လ်ဟဒ်ဒါဒီ(ဘာစီလိုနာ)၊
အုပ်စုပွဲစဉ်
ဇွန် ၁၄ စပိန်-ချက်
ဇွန် ၁၈ စပိန်-တူရကီ
ဇွန် ၂၂ စပိန်-ခရိုအေးရှား
5 years Ago