ယူရို၂၀၂၀ခြေစစ်ပွဲ

June 11, 2019

ယူရို ၂၀၂၀ ခြေစစ်ပွဲ စပိန် ၃ - ၀ ဆွီဒင် (ရုပ်သံ)

ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် အုပ်စု အက်ဖ်က စပိန်နဲ့ ဆွီဒင်တို့ မနေ့ညကယှဉ်ပြိုင်ရာ စပိန်က ၃ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်မှုနဲ့အတူ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ စပိန်အသင်းဟာ ရာမို့စ်၊ အစ္စကို၊ အဆန်စီယို၊ ရိုဒရီဂို၊ ဘတ်စ်ကက်တို့နဲ့ ဦးဆောင်ပွဲထွက်ခဲ့သလို ဆွီဒင်အသင်းကလည်း ဘာ့ဂ်၊ ဖောစ်ဘာ့ဂ်၊ လာဆင်၊ ဂျန်ဆန်နဲ့အတူ ဝါရင့်ဂိုးသမား အိုလ်ဆင်တို့က ဦးဆောင်လာခဲ့ပါတယ်။ အိမ်ရှင် စပိန်အသင်းဟာ ဒီပွဲမှာ ဆွီဒင်အသင်းကို စိတ်ကြိုက် ဖိအားပေး ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းရာမှာပါ အပြတ် အသာရခဲ့ပါတယ်။ ဒါပေမယ့်လည်း အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်းမှ သွင်းယူနိုင်ခဲ့ပြီး ၆၄ မိနစ်မှာ ပယ်နယ်တီကတဆင့် ရာမို့စ်က အဖွင့်ဂိုး၊ ၈၅ မိနစ်မှာလည်း ပယ်နယ်တီကနေပဲ မိုရာတာက ဒုတိယဂိုးနဲ့ ၈၇ မိနစ်မှာ လူစားဝင်ကစားသမား အိုယာဇာဘယ်လ်တို့က သွင်းယူပေးခဲ့ပါတယ်။ စပိန်အသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ လေးပွဲကစား လေးပွဲလုံးအနိုင်ရပြီး အုပ်စု ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဆွီဒင်အသင်းကတော့ လေးပွဲကစား ၇ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
2 years Ago

March 27, 2019

အီတလီအတွက် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် ကွာလီယာရယ်လာ မှတ်တမ်းဝင်

လက်ခ်ျတန်စတိန်းနဲ့ ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အီတလီတိုက်စစ်မှူး ကွာလီယာရယ်လာဟာ အသင်းသမိုင်းတလျှောက် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရိုခြေစစ်ပွဲ ဒုတိယပွဲစဉ်အဖြစ် လက်ခ်ျတန်စတိန်းနဲ့ အိမ်ကွင်းမှာ ကစားခဲ့ရာ ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ကွာလီယာရယ်လာဟာ ပွဲချိန် ၃၅ မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲပြီး အီတလီအသင်းမှာ အသက်အကြီးဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် စံချိန်တင်သွားခဲ့တာ ဖြစ်ပါတယ်။ ကွာလီယာရယ်လာဟာ ပွဲချိန် ၄၅ မိနစ်မှာလည်း ပယ်နယ်တီကနေပဲ နောက်ထပ် သွင်းဂိုးတဂိုး ရခဲ့ပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ကွာလီယာရယ်လာဟာ ဆမ်ဒိုးရီးယားအသင်းမှာ ခြေစွမ်းပြနေတာကြောင့် အီတလီအသင်းက လက်ရွေးစင်အသင်းမှာ ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အီတလီအသင်းဟာ ယူရိုခြေစစ်ပွဲ အဖွင့်မှာ ဖင်လန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နှစ်ပွဲဆက်တိုက် အနိုင်ယူကာ အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။
2 years Ago

ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် စပိန်က မော်လ်တာကို ၂ ဂိုး ဂိုးမရှိဖြင့်နိုင် (ရုပ်သံ)

ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု အက်ဖ် က မော်လ်တာနဲ့ စပိန်တို့ မနေ့က ယှဉ်ပြိုင်ရာ စပိန်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ စပိန်အသင်းဟာ တိုက်စစ်မှာ မိုရာတာ၊ အဆန်ဆီယိုနဲ့ ဘားနတ်တို့ကို အသုံးပြုခဲ့ပြီး အိမ်ရှင်အသင်းကို ဖိအားပေး ကစားခဲ့တာပါ။ အဝေးကွင်းမှာ ကစားရပေမယ့်လည်း စပိန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၈၄ ရာခိုင်နှုန်းအထိ ရယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အပြတ် အသာစီးရခဲ့ပါတယ်။ စပိန်အတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို တိုက်စစ်မှူး မိုရာတာ တဦးတည်းက ပွဲချိန် ၃၁ မိနစ်နဲ့ ၇၃ မိနစ်တွေမှာ သွင်းယူပေးခဲ့ပါတယ်။ စပိန်အသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု အက်ဖ်မှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး မော်လ်တာကတော့ ရမှတ် ၃ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။
2 years Ago

ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် အီတလီက လက်ခ်ျတန်စတိန်းကို ၆ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံ)

ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု ဂျေက အီတလီနဲ့ လက်ခ်ျတန်စတိန်းတို့ မနေ့ကယှဉ်ပြိုင်ရာ အီတလီက ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ရသွားပါတယ်။ အီတလီအသင်းဟာ အိမ်ကွင်းမှာ လက်ခ်ျတန်စတိန်းကို စိတ်ကြိုက် ထိုးဖောက်ကစားသွားပြီး ပထမပိုင်းမှာတင် ၄ ဂိုး သွင်းနိုင်ခဲ့တာပါ။ အိမ်ရှင်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၈ ရာခိုင်နှုန်းအထိ ရယူနိုင်သလို ဂိုးကန်သွင်းခွင့်မှာလည်း ၄၁ ကြိမ်အထိ ရခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ လက်ခ်ျတန်စတိန်း နောက်ခံလူတဦး တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရတဲ့အတွက်လည်း ဧည့်သည်အသင်း အားနည်းခဲ့ရပါတယ်။ အီတလီအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၁၇ မိနစ်မှာ ဆန်ဆီ၊ ၃၂ မိနစ်မှာ ဗာရက်တီ၊ ၃၅ မိနစ်နဲ့ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ ကွာလီယာရယ်လာ၊ ၆၉ မိနစ်မှာ ကီးန်နဲ့ ၇၆ မိနစ်မှာ ပါဗိုလက်တီတို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ အီတလီက ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု ဂျေမှာ နှစ်ပွဲကစား ၆ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး လက်ခ်ျတန်စတိန်းကတော့ အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ ရှိနေပါတယ်။
2 years Ago
More News
Up