ဥရောပဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ပေါ်တူဂီကို ရှုံးနိမ့်ခဲ့တဲ့ ပြင်သစ်အသင်းနည်းပြက ခါးသီးတဲ့အရှုံးကို အကြီးအကျယ် စိတ်ပျက်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ယူရို ၂၀၁၆ ပွဲစဉ်တလျှောက်မှာ ပေါ်တူဂီအသင်းဟာ နိုင်ပွဲတွေ အများကြီးရခဲ့တဲ့အသင်း မဟုတ်ပေမယ့် နောက်ဆုံးမှာတော့ ဥရောပချန်ပီယံ ဖြစ်တာကို လက်ခံရမယ်လို့ ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်စ် (Deschamps) က ပြောပါတယ်။
ပြင်သစ်အသင်းဟာ ပွဲစဉ်တလျှောက်လုံးမှာ ဂိုးအများဆုံးသွင်းထားတဲ့ အသင်းဖြစ်ပြီး ပေါ်တူဂီအသင်းကတော့ မိနစ် ၉၀ အတွင်း ပြတ်ပြတ်သားသား အနိုင်ရတာဆိုလို့ တပွဲပဲ ရှိခဲ့တာကို ရည်ညွှန်းပြီး ပြင်သစ်နည်းပြက ပြောတာပါ။
ဒါပေမယ့် ပေါ်တူဂီဟာ အရေးကြီးတဲ့ပွဲ အချိန်ပိုမှာ အနိုင်ရအောင် ကစားသွားတာဟာ မတော်တဆ တိုက်ဆိုင်မှုမဟုတ်ဘူး ဆိုတာကို ၀န်ခံရမယ်လို့ ဒက်ချမ့်စ်က ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တာ၊ ပြင်သစ် ပြည်သူတွေရဲ့ အားပေးမှုတွေကိုတော့ မေ့ရက်စရာ မရှိဘူးလို့ ပြောပါတယ်။
ပြင်သစ်အသင်းဟာ အကြိုဗိုလ်လုပွဲမှာ ဂျာမနီကို ၂ ဂိုးပြတ်နဲ့ နိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ ပေါ်တူဂီဘက်က စုဖွဲ့မှု ပိုကောင်းခဲ့တယ်လို့ ဆိုရမှာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ ပြင်သစ်နည်းပြက သူ့အသင်းဟာ ဂျာမနီနဲ့ပွဲမှာ အင်အားကုန်ခဲ့တာ မှန်ပေမယ့် ဘောလုံးပြိုင်ပွဲမှာ ဒါက ဆင်ခြေပေးစရာကိစ္စ မဟုတ်ဘူးလို့လည်း ၀န်ခံ ပြောကြားသွားပါတယ်။
7 years Ago