ယူကေကမ်းရိုးတန်းတွင်

September 2, 2017

ယူကေကမ်းရိုးတန်းတွင် ၅၀၅ ပေါင် အလေးချိန်ရှိ အကြီးဆုံးငါးကြီး ဖမ်းမိ

ယူကေကမ်းရိုးတန်းမှာ ဖမ်းမိသမျှထဲ အကြီးဆုံးဖြစ်တဲ့ ၅၀၅ ပေါင်အလေးချိန်ရှိ ငါးကြီးကို ဖမ်းမိခဲ့ပြီး ငါးကြီးကို လှေထဲ ဆွဲတင်ဖို့ ၂ နာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ ဝေးလ်စ်နိုင်ငံ ပမ်ဘရှက်ရှီယားကောင်တီနားက နီးလန်မြို့ကမ်းရိုးတန်းမှာ လှေပိုင်ရှင် အန်ဒရူးအယ်ဆော့ပ်ဆိုသူက ဒီငါးကြီးကို ဖမ်းမိခဲ့ပြီး အပေါ့စားငါးမျှားတံသုံးကာ ၅၀၅ ပေါင် အလေးချိန်ရှိ တူနာငါးကြီးကို လှေပေါ်ဆွဲတင်ခဲ့ရတာလို့ ဆိုပါတယ်။ ဝန်ထမ်းတွေရဲ့ တရက်တာ ငါးမန်းဖမ်း ခရီးအတွက် အန်ဒရူးရဲ့လှေကို စီးပွားဖြစ် ငါးဖမ်းသမား ဂါဗင်ဒေဗီးစ်က သြဂုတ် ၃၁ ရက်နေ့က ငှားရမ်းခဲ့လို့ အန်ဒရူးက ပို့ဆောင်ခဲ့တာလို့ ဝေးလ်စ်အွန်လိုင်းသတင်းက ထုတ်ပြန်ထားပါတယ်။ လှေပေါ်လိုက်ပါစီးနင်းသူတွေက တူးနားငါးဖမ်းဖို့ မရည်ရွယ်ခဲ့လို့ ပေါ့ပါးတဲ့ ငါးမျှားတံကိရိယာကိုပဲ သုံးခဲ့ပေမယ့် တော်တော်ကြီးကြီးမားမားတခုကို သူတို့မိထားတာ သိလိုက်တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သူတို့က အတွေ့အကြုံရှိတဲ့ အန်ဒရူးကို အကူအညီတောင်းခဲ့ရတာပါ။ “ဒါက နည်းနည်းတော့ ဆန်းတယ်။ ဂါဗင်က အရင်ကလည်း နှစ်တိုင်း သူ့ဝန်ထမ်းကောင်လေးတွေကို ကျနော့်လှေ ငှားပြီး ပို့ပေးလေ့ရှိတယ်။ ဒီခရီးတွေမှာ ကျနော် ငါးမျှားလေ့မရှိဘူး” လို့ အန်ဒရူးက ပြောပါတယ်။ “တူနာငါးဖမ်းမိတာလည်း ဖြစ်ခဲတယ်။ ဖမ်းမိတဲ့ငါးကြီးက သိပ်ကြီးနေတာ၊ သူတို့ သိလို့ ကျနော်က တုတ်တံယူလိုက်တာ၊ ဂါဗင်က သူထိန်းထားမယ်လို့ ကျနော့်ကို ပြောတယ်။ တူနာငါးဆို အချိန်ဘယ်လောက်ကြာမလဲ ကျနော် သိတယ်။ ဘာလို့လဲဆိုတော့ အရင်တခါ ကျနော် ဖမ်းမိတဲ့ ၃၁၅ ပေါင် အလေးချိန်ရှိတဲ့ တူနာငါးကို လှေပေါ်တင်ဖို့ ၅ နာရီလောက်ကြာတယ်။ခုငါးကြီးကို လှေပေါ် ဆွဲတင်ရတာက အချိန် ၂ နာရီ ၁၅ မိနစ်ကြာတယ်” လို့ အန်ဒရူးက ပြောပါတယ်။ ဖမ်းမိတဲ့ ငါးကြီးကို လှေပေါ်တင်ပြီးနောက် အသက် ၄၉ နှစ်အရွယ် အန်ဒရူး တယောက် ကိုယ်လက်ကိုက်ခဲနေတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ငါးကြီးကိုဖမ်းမိတဲ့ ဓာတ်ပုံရိုက်ပြီး အင်ဒရူးက သူ့ရဲ့ဖေ့စ်ဘွခ်တ်စာမျက်နှာထက် တင်ခဲ့ပါတယ်။ တင်တဲ့ပုံရဲ့အောက်မှာလည်း “ဒီနေ့တော့ ကိုယ့်သက်တမ်းမှာ အပေါ့စားငါးမျှားတံနဲ့ ၂ နာရီ ၁၅ မိနစ်ကြာအောင် ဆွဲတင်ခဲ့ရတဲ့ ၅၀၅ ပေါင် အလေးချိန်ရှိငါးကြီး တကောင် ဖမ်းမိတယ်။ ဒီတူးနားငါးကြီးက ဝေးလ်စ်ရေပြင်မှာ မိသမျှ ငါးထဲမှာတော့ အကြီးဆုံးပဲ” လို့  အင်ဒရူးက ရေးထားကြောင်း မေရာသတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up