အမေရိကန် လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ် သီအိုဒို ရုစဗဲ့ပေါ်က သင်္ဘောသားတချို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့တာနဲ့ တုပ်ကွေးဆန်ဆန် လက္ခဏာတွေ့တာကြောင့် သင်္ဘောသား အယောက် ၁၀၀၀ ကို သင်္ဘောပေါ်ကနေ ဘေးလွတ်ရာပြောင်းပေးခဲ့တယ်လို့ ရေတပ် ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီး ၂ ရက်နေ့မှာ ပြောပါတယ်။
သင်္ဘောသား ၉၃ ယောက်မှာ ဗိုင်းရပ်စ်တွေ့တယ်လို့ အမေရိကန်ရေတပ် ယာယီဝန်ကြီးက ဧပြီး ၁ ရက်နေ့မှာ ကြေညာခဲ့တယ်လို့ စီအန်အန် သတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ အမေရိကန် စစ်တပ်တခုလုံး ဗိုင်းရပ်စ် ကူးစက်မှုရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုပါတယ်။
စမ်းသပ်မှုအဖြေတွေ သိရလာတာနဲ့အမျှ ကူးစက်ခံရသူအရေအတွက် တိုးလာမယ်လို့ မျှော်လင့်ထားကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတဦးက ပြောတယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။
ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်မန်နိုနီက လောလောဆယ်အချိန်မှာ ဂူအပ်ရေတပ်စခန်းက တဦး တယောက်မှ အပြင်ကို မထွက်ဘူးလို့ ဂူအမ် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် မပျံ့နှံ့စေရေး သင်္ဘောကြီးပေါ်မှာ ပိုပြီးတင်းကျပ်တဲ့ အစီအမံတွေ တောင်းဆိုလိုက်တဲ့ သင်္ဘောကပ္ပတိန်ကို အမေရိကန် ရေတပ်အနေနဲ့ အပြစ်ပေးနိုင်လားဆိုတဲ့ မေးခွန်းကိုတော့ မန်နိုနီက မှတ်ချက် မပေးခဲ့ပါဘူး။
သင်္ဘောကပ္ပတိန်ရဲ့ စာထဲမှာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ အခြေအနေ ဆိုးရွားနေပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ သင်္ဘောသားတွေ ပိုတိုးလာပြီလို့ ဖော်ပြထားပါတယ်။
အခုချိန်ထိ သင်္ဘောအမှုထမ်း ၄၈၀၀ ဝန်းကျင်ထဲက ၁၂၀၀ ကျော်ကို စစ်ဆေးထားပြီး အမေရိကန်ရေတပ်ဟာ အဲဒီအဖြေတွေကို စောင့်မျှော်နေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
11 months Ago