ယူဒဗလျူအက်စ်အေ

August 2, 2016

အမြန်လမ်းဖောက်လုပ်ရန် အပါအ၀င် အချက်အချို့ ယူဒဗလျူအက်စ်ပီ တောင်းဆို

ဝပြည်သွေးစည်းညီညွတ်ရေးပါတီက သံလွင်မြစ်အထက်ပိုင်းမှာ ရေကာတာ တည်ဆောက်ဖို့၊ ကူမင်း - ၀ - မန္တလေး အမြန်လမ်းဖောက်လုပ်ဖို့ စတဲ့အချက်တွေ အစိုးရဘက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဲဒီအမြန်လမ်းဟာ အခုအသုံးပြုနေတဲ့ မူဆယ်လမ်းထက် ကီလိုမီတာ ၁၀၀ လောက် ပိုသက်သာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အငြိမ်းစားယူထားတဲ့ အရင် စစ်ထောက်လှမ်းရေး အရာရှိကြီးတဦးကို အကြံပေးအဖြစ် တာဝန်ပေးနိုင်ရေး ဖိတ်ခေါ်နိုင်ဖို့ကို ခွင့်ပြုပေးဖို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ အခုတောင်းဆိုချက်တွေကို ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးပေါင်ယူယိ ဦးဆောင်ပြီး ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် အရာရှိတွေ အပါအ၀င် အဖွဲ့ဝင် ၉၀ လောက် ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်ကို လာခဲ့စဉ် တောင်းဆိုသွားတာ ဖြစ်ပါတယ်။ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (ယူဒဗလျူအက်စ်ပီ/ယူဒဗလျူအက်စ်အေ) ဟာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။
5 years Ago

June 6, 2015

အစိုးရတပ်ကို ၀တပ်ဖွဲ့က ဆက်ဝိုင်းထား

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ သစ်ထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အစိုးရစစ်တပ်ကို ၀ တပ်ဖွဲ့က ဇွန် ၃ ရက်နေ့ကစပြီး ဒီနေ့ထိ ဆက်ဝိုင်းထားတယ်လို့ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။ ၀ဒေသတွင်း သစ်ထုတ်တာကို လာရောက်ဖမ်းဆီးတဲ့ အစိုးရတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်ကို ၀ တပ်ဖွဲ့အင်အား ၂၀၀ လောက်က ၀ိုင်းထားတာဖြစ်ပြီး အခုထိ ၀ိုင်းထားတုန်းလို့ သူက ပြောပါတယ်။ “ဘာမှ ဆက်ဖြစ်တာတော့ မရှိပါဘူး၊ ၀ိုင်းထားတုန်း။ သူတို့က တောင်ပိုင်းက ဖြစ်စဉ်တခုလုံးကို စာနဲ့ တင်ပေးပါဆိုတော့ အသေးစိတ်ဖြစ်စဉ်တခုလုံး စာတင်ဖို့ ဆောင်ရွက်နေတယ်။ တယ်လီဖုန်းနဲ့တော့ ပြောဖြစ်တယ်၊ စာနဲ့ အတိအကျလုပ်ဖို့လေ။” ၀ တပ်ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ဦးသိန်းဇော်တို့ ဆက်သွယ်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဇွန်လ ၁ ရက်က ၀တပ်ဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့  ၀ဒေသတွင်း သစ်ထုတ်နေသူတွေကို အစိုးရတပ်က လာရောက်ဖမ်းဆီးရာက ပြဿ    နာစတင်ခဲ့ပြီး ဇွန်လ ၃ ရက်မှာတော့ အစိုးရတပ်ကို ၀တပ်ဖွဲ့က ၀ိုင်းပြီးပိတ်ဆို့ထားတဲ့ အခြေအနေရောက်ခဲ့တာ ဖြစ်ပါတယ်။ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပြီး အစိုးရနဲ့အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
7 years Ago
Up