ယူဂိုဆလပ်ဗီးယားနိုင်ငံ ပြိုကွဲမှု သို့မဟုတ် လူမျိုးအခြေပြု ဖက်ဒရယ်ပြည်ထောင်စုနှင့် ခွဲထွက်ခွင့် ပါဝင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အန္တရာယ်

June 21, 2017

ယူဂိုဆလပ်ဗီးယားနိုင်ငံ ပြိုကွဲမှု သို့မဟုတ် လူမျိုးအခြေပြု ဖက်ဒရယ်ပြည်ထောင်စုနှင့် ခွဲထွက်ခွင့် ပါဝင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အန္တရာယ်

ယူဂိုဆလပ်ဗီးယား ဆိုရှယ်လစ်ဖက်ဒရယ်သမ္မတနိုင်ငံမှာ လူမျိုးများကို အခြေပြုသည့် သမ္မတနိုင်ငံများ အသီးသီး စုပေါင်းထားသည့် ဆိုဗီယက်ပုံစံ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်သည်။ ယူဂိုဆလပ်ဗီးယား ဆိုရှယ်လစ်ဖက်ဒရယ်သမ္မတနိုင်ငံကို ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးတွင် တည်ထောင်သည်။ ၎င်းတွင် ဘော့စနီးယား-ဟာဇီဂိုဗီးနား၊ ခရိုအေးရှား၊ မက်ဆီဒိုးနီးယား၊ မွန်တီနီးဂရိုး၊ ဆလိုဗေးနီးယားနှင့် ဆားဗီးယားဟူသည့် ရီပတ်ဘလစ်(သမ္မတနိုင်ငံ) ၆ ခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ ဆားဗီးယားအတွင်းတွင် ဗိုဂ်ျဗိုဒီးနားနှင့် ကိုဆိုဗိုဟု ခေါ်တွင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နှစ်ခု ပါဝင်သေးသည်။ အသီးသီးသော ရီပတ်ဘလစ် ၆ ခုတွင် ယူဂိုဆလပ်ဗီးယား ကွန်မြူနစ်အဖွဲ့ချုပ် (League of communists of Yugoslavia) ၏ ပါတီဌာနခွဲ အသီးသီး ရှိကြသည်။ အချင်းချင်းအကြားရှိ ပြဿနာများကို ဖက်ဒရယ်လယ်ဗယ် (ပြည်ထောင်စုအဆင့်) တွင် ဖြေရှင်းကြသည်။ ၁၉၈၁ ခုနှစ် သန်းခေါင်စာရင်းအရ ယူဂိုဆလားဗီးယားနိုင်ငံတွင် ဆာ့ဗ်လူမျိုးမှာ လူဦးရေအများဆုံးဖြစ်ပြီး နိုင်ငံတဝန်း အခြားလူမျိုးများနှင့်အတူ အောက်ပါအတိုင်း ပျံ့နှံ့နေထိုင်ကြသည်။ ဘော့စနီးယား-ဟာဇီဂိုဗီးနားတွင် အဓိကနေထိုင်ကြသော လူမျိုးများမှာ ဘော့စနီးယားလူမျိုး ၃၉ ဒသမ ၅ ရာခိုင်နှုန်း (၁ ဒသမ ၆သန်း)၊ ဆာ့ဗ်လူမျိုး ၃၂ ရာခိုင်နှုန်း (၁ ဒသမ ၃ သန်း)၊ ခရုတ် (Croats) ၁၈ ဒသမ ၄ ရာခိုင်နှုန်း (၀ ဒသမ ၇၆ သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ခရိုအေးရှားတွင် အဓိကနေထိုင်ကြသော လူမျိုးများမှာ ခရုတ်လူမျိုး ၇၅ ဒသမ ၁ ရာခိုင်နှုန်း (၃ ဒသမ ၅ သန်း)၊ ဆာ့ဗ်လူမျိုး ၁၁ ဒသမ ၆ ရာခိုင်နှုန်း (၀ ဒသမ ၅၃ သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ မက်ဆီဒိုးနီးယားတွင် အဓိကနေထိုင်ကြသော လူမျိုးများမှာ မက်ဆီဒိုးနီးယန်းလူမျိုး ၆၇ ရာခိုင်နှုန်း (၁ ဒသမ ၃ သန်း)၊ အယ်လ်ဘေးနီးယန်းလူမျိုး ၁၉ ဒသမ ၈ ရာခိုင်နှုန်း (၀ ဒသမ ၃၈ သန်း)၊ ဆာ့ဗ်လူမျိုး ၂ ဒသမ ၃ ရာခိုင်နှုန်း (၀ ဒသမ ၀၄၅ သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ မွန်တီနီဂရိုးတွင် အဓိကနေထိုင်ကြသော လူမျိုးများမှာ မွန်တီနီဂရိုးလူမျိုး ၆၈ ဒသမ ၅ ရာခိုင်နှုန်း (၀ ဒသမ ၄ သန်း)၊ ဆာ့ဗ်လူမျိုး ၃ ဒသမ ၃ ရာခိုင်နှုန်း (၀ ဒသမ ၀၂ သန်း)၊ ဘော့စနီးယားလူမျိုး မူဆလင် ၁၃ ဒသမ ၄ ရာခိုင်နှုန်း (၀ ဒသမ ၀၈ သန်း)၊ အယ်ဘေးနီးယန်းလူမျိုး ၆ ဒသမ ၅ ရာခိုင်နှုန်း (၀ ဒသမ ၀၄ သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ဆလိုဗေးနီးယားတွင် အဓိကနေထိုင်ကြသော လူမျိုးများမှာ ဆလိုဗေးနီးယားလူမျိုး ၉၀ ဒသမ ၈ ရာခိုင်နှုန်း (၁ ဒသမ ၇ သန်း)၊ ခရုတ်လူမျိုး ၂ ဒသမ ၉ ရာခိုင်နှုန်း (၀ ဒသမ ၀၅၄ သန်း)၊ ဆာ့ဗ်လူမျိုး ၂ ဒသမ ၃ ရာခိုင်နှုန်း (၀ ဒသမ ၀၄ သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ဆားဗီးယားတွင် အဓိကနေထိုင်ကြသော လူမျိုးများမှာ ဆာ့ဗ်လူမျိုး ၇၇ ဒသမ ၃ ရာခိုင်နှုန်း (၆ သန်း)၊ ဟန်ဂေရီလူမျိုး ၅ ရာခိုင်နှုန်း (၀ ဒသမ ၄ သန်း)၊ ဘော့စနီးယားလူမျိုး မူဆလင်၂ ရာခိုင်နှုန်း (၀ ဒသမ ၁၆ သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ဆားဗီးယားအတွင်းတွင် တည်ရှိသော ကိုဆိုဗိုပြည်နယ်တွင် အယ်လ်ဗေးနီးယားလူမျိုးမှာ ၁ ဒသမ ၂ သန်းရှိပြီး (၇၇ ဒသမ ၄ ရာခိုင်နှုန်း) ဆာ့ဗ်လူမျိုးမှာ ၀ ဒသမ ၂၃၇ သန်း (၁၄ ဒသမ ၉၃ ရာခိုင်နှုန်း) သာ ရှိသည်။ ဗိုဂ်ျဗိုဒီးနားတွင် အဓိကနေထိုင်ကြသော လူမျိုးများမှာ ဆာ့ဗ်လူမျိုး ၅၄ ဒသမ ၄ ရာခိုင်နှုန်း (၁ ဒသမ ၁ သန်း)၊ ဟန်ဂေရီလူမျိုး ၁၈ ဒသမ ၉ ရာခိုင်နှုန်း (၀ ဒသမ ၃၉ သန်း)၊ ခရိုးရှန်းလူမျိုး ၅ ဒသမ ၉ ရာခိုင်နှုန်း (၀ ဒသမ ၁၂ သန်း)၊ ဆလိုဗက် ၃ ဒသမ ၄ ရာခိုင်နှုန်း (၀ ဒသမ ၀၇ သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ယူဂိုဆလပ်ဗီးယား တနိုင်ငံလုံးတွင် ဆာ့ဗ်လူမျိုး ၃၆ ဒသမ ၃ ရာခိုင်နှုန်း (၈ ဒသမ ၁ သန်း)၊ ခရုတ်လူမျိုး ၁၉ ဒသမ ၇ ရာခိုင်နှုန်း (၄ ဒသမ ၄ သန်း)၊ ဘော့စနီးယား မူဆလင် ၈ ဒသမ ၉ ရာခိုင်နှုန်း (၂ သန်း)၊ ဆလိုဗေးနီးယန်း ၇ ဒသမ ၈ ရာခိုင်နှုန်း (၁ ဒသမ ၈ သန်း)၊ အယ်လ်ဘေးနီးယားလူမျိုး ၇ ဒသမ ၇ ရာခိုင်နှုန်း (၁ ဒသမ ၇ သန်း)၊ မက်ဆီဒိုးနီးယန်းလူမျိုး ၆ ရာခိုင်နှုန်း (၁ ဒသမ ၃ သန်း)၊ မွန်တီနီးဂရိုးလူမျိုး ၂ ဒသမ ၆ ရာခိုင်နှုန်း (၀ ဒသမ ၅၈ သန်း) နှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ သမ္မတ တီတိုးလက်ထက် ယူဂိုဆလပ်ဗီးယားနိုင်ငံ သမ္မတတီတိုးလက်ထက် ယူဂိုဆလပ်ဗီးယား၏ စီးပွားရေးစနစ်မှာ စီမံကိန်းချ ဗဟိုချုပ်ကိုင်သည့်စနစ်နှင့် လစ်ဘရယ် စီးပွားရေးစနစ်အကြား အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးခြင်းဖြစ်သဖြင့် နှိုင်းယှဉ်ချက်အရ အောင်မြင်သည်ဟု ပြောနိုင်ပြီး ၁၉၆၀ ပြည့်နှစ်မှ ၁၉၈၀ ခုနှစ် ကာလများသည် ယူဂိုဆလပ်ဗီးယားနိုင်ငံအတွက် ရွှေရောင်ကာလများ ဖြစ်ခဲ့သည်။ နှစ်စဉ် ဂျီဒီပီတိုးတက်မှုနှုန်း ၆ ဒသမ ၁၊ စာတတ်မြောက်မှုနှုန်း ၉၁ ရာခိုင်နှုန်း၊ အခမဲ့ ဆေးဝါးကုသခွင့်နှင့် ဖျမ်းမျှ လူ့သက်တမ်း ၇၂ နှစ်ရှိသည့် နိုင်ငံတနိုင်ငံ ဖြစ်ခဲ့သည်။ သမ္မတတီတိုးက ၁၉၇၄ ခုနှစ်တွင် အခြေခံဥပဒေသစ်ကို ပြဋ္ဌာန်းလျက် ရာသက်ပန် သမ္မတတာဝန်ကိုယူပြီး သူ ကွယ်လွန်သည့်နောက်တွင် ယူဂိုဆလပ်ဗီးယားသမ္မတ တာဝန်ကို ယူဂိုဆလပ်သမ္မတအဖွဲ့ (Yugoslav Presidency) ဖြင့် အုပ်ချုပ်ရန် စီစဉ်ခဲ့သည်။ ထိုအဖွဲ့ကို မူလက အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းခဲ့ရာမှ ၉ ဦးသို့ လျှော့ချဖွဲ့စည်းခဲ့သည်။ အဆိုပါ အဖွဲ့ဝင် ၉ ဦးမှာ.. ရီပတ်ဘလစ် ၆ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ၂ ခုတို့မှ ကိုယ်စားလှယ် တဦးကျစီနှင့် ယူဂိုဆလပ်ဗီးယား ကွန်မြူနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ၁ ဦးတို့ ဖြစ်သည်။ ဆာဗီးယား ရီပတ်ဘလစ်အတွင်းရှိ ကိုဆိုဗိုနှင့် ဗိုဂ်ျဗိုဒီးနား ပြည်နယ်နှစ်ခုကိုလည်း ဆာဗီးယားလွှတ်တော်တွင် ဗီတိုအာဏာ ပေးထားခြင်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပိုမိုတိုးတက်ပေးအပ်ခဲ့သည်။ ထို့ပြင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် ၁၉၇၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အခြေခံဥပဒေ ပြင်ဆင်ချက်များကိုလည်း ထပ်မံအားဖြည့် အတည်ပြုခဲ့သည်။ အဆိုပါ ပြင်ဆင်ချက်များမှာ ဖက်ဒရယ်ယူနစ်များ ဖြစ်ကြသည့် ရီပတ်ဘလစ် ၆ ခုသည် အချုပ်အခြာ အာဏာပိုင်ဆိုင် ကျင့်သုံးခွင့်ရှိကြပြီး ဖက်ဒရေးရှင်းကြီး(ပြည်ထောင်စုကြီး) အနေဖြင့်ကား အခြေခံဥပဒေအရ လွှဲအပ်ပေးထားသည့် သီးခြားပြဿနာကိစ္စများပေါ်တွင်သာ အာဏာရှိလေသည်။ ထို့ပြင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေက ဂျိုးဇစ်ဘရော့တီတိုးကို အမည်နာမ ဖောပြလျက် သက်ဆုံးတိုင်သမ္မတအဖြစ် တာဝန်ပေးအပ် သတ်မှတ်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် သမ္မတ တီတိုး ကွယ်လွန်သည့်နောက်ပိုင်းတွင် အလှည့်ကျ သမ္မတ တာဝန်ယူသည့်စနစ်ဖြင့် အုပ်ချုပ်ခဲ့လေသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲထွက်ခွင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင် အခြေခံမူ ၁၀ ချက် ပါဝင်လေရာ ပထမအခြေခံမူတွင် “ယူဂိုဆလပ်ဗီးယား ဆိုသည်မှာ၊ တန်းတူညီမျှသော လူမျိုးများ၊ တိုင်းရင်းသားများ၏ ဖက်ဒရယ်သမ္မတနိုင်ငံ ဖြစ်ပြီး၊ ညီရင်းအစ်ကိုပမာ ချစ်ကြည်ရေးနှင့် ညီညွတ်ရေးအခြေခံမူအပေါ်တွင် တိတိကျကျရှိသော ဘုံအကျိုးစီးပွားများအတွက် ခွဲထွက်ခွင့်အပေါ် အခြေခံသည့် လူမျိုးတိုင်း၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြင့် လွတ်လပ်စွာ ပေါင်းစည်းညီညွတ်ကြသည်” ဟု ဖော်ပြထားလေသည်။ ၁၉၇၄ ခုနှစ်မတိုင်မီ အခြေခံဥပဒေများတွင် ရီပတ်ဘလစ်များအား ခွဲထွက်ခွင့် အပါအဝင်ဖြစ်သော ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ရှင်းရှင်းလင်းလင်း ပေးအပ်ထားလေသည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင် အဆိုပါအခွင့်အရေးများကို ယူဂိုဆလပ်ဗီးယား အမျိုးသားနိုင်ငံများ (Nations of Yugoslavia) က ပိုင်ဆိုင်သည်ဟု ဖော်ပြထားသည်။ တပြိုင်နက်တည်းမှာပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အချို့က မိမိသဘောတခုတည်းဖြင့် ခွဲထွက်ခွင့်ကို ငြင်းပယ်ထားပြန်လေသည်။ ပုဒ်မ ၅ တွင် ယူဂိုဆလပ်ဗီးယား၏ နယ်နိမိတ် သတ်မှတ်မှုများကို ပြင်ဆင်လိုပါက (သမ္မတနိုင်ငံ) ရီပတ်ဘလစ်အားလုံးနှင့် (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ) ပြည်နယ်အားလုံး သဘောတူညီမှု ရှိရမည်ဟု ဆိုထားသည်။ ပုဒ်မ ၂၈၃ အရ နိုင်ငံတော်၏ နယ်နိမိတ်များ ပြင်ဆင်ခွင့်ကို ယူဂိုဆလပ်ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းထားသည်။ သို့ဖြစ်လေရာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် ခွဲထွက်ခွင့်ကို သက်ဆိုင်ရာ ယူနစ်တခုတည်းသဘောဖြင့် လုပ်ပိုင်ခွင့် ရှိ မရှိ၊ သို့မဟုတ် ဖက်ဒရယ်အစိုးရ၊ သမ္မတနိုင်ငံ အစိုးရများနှင့် ပြည်နယ်အစိုးရအားလုံး သဘောတူညီချက်ရရန် လိုအပ်၊ မလိုအပ် စသဖြင့် ရှင်းရှင်းလင်းလင်း မရှိချေ။ ၁၉၈၀ ပြည့်နှစ်တွင် သမ္မတ တီတိုး ကွယ်လွန်သွားပြီးနောက် ယူဂိုဆလပ်နိုင်ငံအတွင်းရှိ အမျိုးသားရေးပဋိပက္ခများမှာ စတင်ကြီးထွားလာသည်။ အမေရိကန်နှင့် ကွန်မြူနစ်နိုင်ငံများအကြား စစ်အေးတိုက်ပွဲ ဖြစ်ပွားနေခဲ့ရာ ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်း ပြိုကျသွားခြင်းက ကွန်မြူနစ်စနစ် ကျဆုံးသွားပြီဆိုသည်ကို သက်သေပြခဲ့သည်။ ယူဂိုဆလပ်ဗီးယား၏ အကျပ်အတည်းများမှာ စစ်အေးကာလအတွင်း အရှေ့ဥပရောပရှိ ကွန်မြူနစ်နိုင်ငံများ အားနည်းလာခြင်းနှင့် ဆက်စပ်လျက်ရှိပြီး ယူဂိုဆလပ် ကွန်မြူနစ်အဖွဲ့ချုပ်မှာ သဘောတရားရေးရာအရ ကြံ့ခိုင်မှုမရှိတော့ပေ။ ကွန်မြူနစ်ပါတီ၏ လူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် ထောက်ခံအားပေးသည့် မူဝါဒကြောင့် ဗဟိုဖက်ဒရယ်အစိုးရ၏ ထိန်းချုပ်မှုမှာ ပျော့ညံ့အားနည်းလာကာ စိန်ခေါ်လာနေသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများကို ကျော်နင်းနိုင်စွမ်း မရှိတော့ချေ။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ကိုဆိုဗိုနှင့် ဗိုဂ်ျဗိုဒီးနားတို့သည် ဆာဗီးယားအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်လာကြသည်။ ဤအခြေခံဥပဒေအရ ဆာဗီးယားသမ္မတနိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအပေါ် ထိန်းကျောင်းသည့် အာဏာ မရှိတော့ချေ။ အခြေခံဥပဒေသစ်အရ ဖက်ဒရယ်အခွင့်အရေးများ ပိုမိုခွင့်ပြုထားသော်လည်း ခရုတ်လူမျိုး၊ ဆလိုဗင်းလူမျိုး စသည့် ဖက်ဒရယ်သမားများနှင့် (အဓိကအားဖြင့်) ဆာ့ဗ်လူမျိုး တပြည်ထောင်သမားများအကြား တင်းမာမှုများ ဆက်လက်တိုးပွားလာနေသည်။ ဗဟိုချုပ်ကိုင်မှု အားပျော့လာသော အခြေအနေက ယူဂိုဆလပ်ဗီးယားကို လက်တွေ့အားဖြင့် ကွန်ဖက်ဒရေးရှင်းတခုပုံစံသို့ တွန်းပို့နေလေသည်။ ၁၉၇၀ ပြည့်နှစ်များကတည်းက စီးပွားရေး တောင့်တင်းသော ဒေသများနှင့် ချည့်နဲ့သော ဒေသများအကြား ကွာဟချက် ကြီးမားလာမှုက နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်လာစေခဲ့သည်။ အဖွံ့ဖြိုး အတိုးတက်ဆုံးဖြစ်သည့် ခရိုအေးရှားနှင့် ဆလိုဗေးနီးယားတို့က ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ် ကန့်သတ်ထားချက်များကို လက်မခံ ငြင်းဆန်ကြလေသည်။ ၁၉၈၇ ခုနှစ်က ဆလိုဗေးနီးယားဒေသ၏ လူထုထင်မြင်ချက်မှာ ခွဲထွက်ပြီး သီးခြားနိုင်ငံ ထူထောင်ခြင်းက ယူဂိုဆလပ်ဗီးယားနိုင်ငံတွင် အတူပူးတွဲ နေထိုင်ခြင်းထက် စီးပွားရေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်လိမ့်မည်ဟု ယူဆကြသည်။ ထို့အတူ ယူဂိုဆလပ်တွင် အတူပူးတွဲနေထိုင်ခြင်းက သူတို့အတွက် ဘာမျှအကျိုးမရှိဟု ဆင်းရဲသော ကိုဆိုဗိုပြည်နယ်က ယူဆသည်။ ကိုဆိုဗိုဒေသမှာ အယ်ဘေးနီးယန်း လူမျိုးအများစု နေထိုင်ပြီး ၎င်း၏ ဂျီဒီပီမှာ ဒုတိယကမ္ဘာစစ်အပြီးကာလက တနိုင်ငံလုံး ပျမ်းမျှဂျီဒီပီ၏ ၄၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၁၉၈၀ ပြည့်နှစ်များတွင် ၂၇ ရာခိုင်နှုန်းသာ ရှိတော့သည်။ ၁၉၈၁ ခုနှစ်တွင် ကိုဆိုဗို အယ်လ်ဘေးနီးယားများက သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကို အခြေခံဥပဒေဝင် သမ္မတနိုင်ငံ (ရီပတ်ဘလစ်) အဆင့်အတန်း သတ်မှတ်ပေးရမည်ဟု စတင်တောင်းဆိုလာကြသည်။ ကိုဆိုဗိုပြည်နယ်ရှိ အများစု အယ်လ်ဘေးနီးယန်းများနှင့် ကိုဆိုဗိုဆာ့ဗ်လူမျိုးများအကြား ဆယ်စုနှစ်တခုလုံးလိုလို တင်းမာမှုများ မြင့်တက်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ဆားဗီးယားသမ္မတနိုင်ငံ၌ ဆလိုဗိုဒန် မီလိုဆီးဗစ် အာဏာရလာသည်။ လူထုလှုပ်ရှားမှု တသီတတန်းဖြင့် ကိုဆိုဗို၊ ဗိုဂ်ျဗိုဒီးနားနှင့် မွန်တီနီဂရိုးတို့အပေါ် လက်တွေ့ထိန်းချုပ်ခွင့်ပါဝါလည်း ရှိလာသည်။ မီလိုဆီးဗစ်သည် အနောက်ဘက်ခြမ်း ရီပတ်ဗလစ်များဖြစ်ကြသည့် ဆလိုဗေးနီးယားနှင့် ခရိုအေးရှားတို့မှ ဒီမိုကရေစီလိုလားသည့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။ ၎င်းတို့က အရှေ့ဥရောပ၏ ၁၉၈၉ ခုနှစ် တော်လှန်ရေးများ ဖြစ်ပေါ်လာစေသည့် ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံကြသူများ ဖြစ်သည်။ သို့ဖြင့် ၁၉၉၀ ခုနှစ်တွင် ယူဂိုဆလပ်ဗီးယား ကွန်မြူနစ်အဖွဲ့ချုပ်ကို ဖက်ဒရယ်သမ္မတနိုင်ငံများအလိုက် ဖြိုခွဲပစ်လိုက်လေသည်။ ဤသည်နှင့် တဆက်တည်းတွင် ပါတီစုံဖွဲ့စည်းခွင့်နှင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများကိုလည်း ခွင့်ပြုလိုက်ရလေသည်။ အမျိုးသားရေးဝါဒအောင်ပွဲ သို့မဟုတ် ခွဲထွက်ခြင်း ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပသော ပထမဆုံး ပါတီစုံရွေးကောက်ပွဲများတွင် မီလိုဆီးဗစ်နှင့် မဟာမိတ်များ အနိုင်ရရှိသည့် ဆာဗီးယားနှင့် မွန်တီနီဂရိုးတို့မှအပ အခြားသော ရီပတ်ဘလစ် ၄ ခုတွင် ကွန်မြူနစ်များသည် ခွဲထွက်ရေးလိုလားသည့် နိုင်ငံရေး ပါတီများကို ရှုံးနိမ့်ကြလေသည်။ အမျိုးသားရေးသမားများ၏ ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်မှုများမှာလည်း ပြင်းထန်သထက် ပြင်းထန်လာသည်။ ၁၉၉၁ ခုနှစ်တွင် ဆာဗီးယားနှင့် မွန်တီနီဂရိုးတို့မှအပ အားလုံးသော သမ္မတနိုင်ငံများသည် လွတ်လပ်ရေး ကြေညာလာကြလေသည်။ သို့သော်လည်း ဆာဗီးယားရီပတ်ဘလစ် အပြင်ဘက်ရှိ တခြားသော ရီပတ်ဘလစ်များတွင် နေထိုင်ကြသော ဆာ့ဗ်လူနည်းစု၏ အခြေအနေမှာ မရေမရာဖြစ်နေဆဲ ဖြစ်သည်။ အချင်းချင်း အပြန်အလှန် လူမျိုးရေးပဋိပက္ခများ တသီတတန်းကြီး ဖြစ်ပွားပြီးနောက် ယူဂိုဆလပ်စစ်ပွဲများ ဖြစ်ပွားခဲ့လေတော့သည်။ ပထမပိုင်း ခရိုအေးရှား၌ စတင်ဖြစ်ပွားပြီး နောက်ပိုင်းတွင် လူမျိုးပေါင်းစုံနေထိုင်သည့် ဘော့စနီးယား-ဟာဇီဂိုဗီးနားတွင် ပိုမိုပြင်းထန်စွာ ဖြစ်ပွားသည်။ စစ်ပွဲကြောင့် ဒေသတွင်းတွင် နာတာရှည် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပျက်စီးမှုများ ကျန်ရစ်ခဲ့သည်။ ယူဂိုဆလပ်စစ်ပွဲများ ယူဂိုဆလပ်စစ်ပွဲများမှာ ၁၉၉၁ မှ ၂၀၀၁ ခုနှစ်အတွင်း ယူဂိုဆလပ်ဗီးယား ဆိုရှယ်လစ် ဖက်ဒရယ်သမ္မတနိုင်ငံ ပြိုကွဲရာမှ လူမျိုးရေးကို ဗဟိုပြုသည့် စစ်ပွဲများ ဖြစ်ကြသည်။ ပါတီစုံရွေးကောက်ပွဲများတွင် အနိုင်ရသည့် အမျိုးသားရေးပါတီများက ၁၉၉၁ ခုနှစ်တွင် ရီပတ်ဘလစ်အသီးသီး၏ လွတ်လပ်ရေးကို ကြေညာပြီး ခွဲထွက်ကြသည့်အခါ နိုင်ငံတကာမှ အသိအမှတ်ပြုကြသော်လည်း နိုင်ငံသစ်များအတွင်းရှိ လူနည်းစုများ (အထူးသဖြင့် ဆာ့ဗ်၊ ခရုတ်နှင့် အယ်လ်ဘေးနီးယန်း) ၏ ပြဿနာများမှာ မဖြေရှင်းရသေးဘဲ ရှိနေသေးသည်။ အစပိုင်းတွင် ယူဂိုဆလပ်ဗီးယား၏ ပြည်သူ့တပ်မတော် (JNA) က ခွဲထွက်သည့် အစိုးရများကို ချေမှုန်းခြင်းဖြင့် ယူဂိုဆလပ်ဗီးယားတခုလုံး၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းလိုသည်။ သို့သော်လည်း (JNA) ပြည်သူ့တပ်မတော်မှာ ဆာ့ဗ်အမျိုးသားရေးကို လှုံ့ဆော်ပြီး ဆာ့ဗ်လူမျိုးများ၏ ညီညွတ်ရေးကို အသုံးချလိုသော ဆာဗီးယားအစိုးရ ခေါင်းဆောင် ဆလိုဗိုဒန် မီလိုဆီဗစ်၏ သြဇာအောက်သို့ တဖြည်းဖြည်း ရောက်ရှိသွားလေသည်။ အကျိုးဆက်အားဖြင့် တပ်မတော်ကို ဆာ့ဗ်လူမျိုး မဟုတ်သော ဆလိုဗင်းများ၊ ခရုတ်များ၊ ကိုဆိုဗို အယ်လ်ဗေးနီးယန်းများ၊ ဘော့စ်ညက်များ (ဘော့စ်နီးယန်း) နှင့် မက်ဆီဒိုးနီးယန်းများက စွန့်ခွာသွားခဲ့ကြသဖြင့် (JNA)  တပ်မတော်မှာ ဆာ့ဗ်တပ်မတော်သက်သက်အဖြစ်သာ ရောက်ရှိသွားတော့သည်။ ၁၉၉၄ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာတခုအရ ဆာ့ဗ်များအနေဖြင့် ယူဂိုဆလပ်ဗီးယားကို ပြန်လည်တည်ထောင်လိုစိတ် မရှိကြတော့ဘဲ ခရိုအေးရှားနှင့် ဘော့စနီးယားတို့မှ အစိတ်အပိုင်းအချို့နှင့် ပူးပေါင်းကာ မဟာဆာဗီးယားနိုင်ငံ ထူထောင်ရန်သာ စိတ်အားထက်သန်ကြသည် ဆိုသည်။ တခြားသော “မဟာအယ်လ်ဘေးနီးယား ပြန်လည်တည်ထောင်ရေး” နှင့် “မဟာခရိုအေးရှား ပြန်လည်တည်ထောင်ရေး” ရည်မှန်းသည့် လှုပ်ရှားမှုများကလည်း စစ်ပွဲသို့ ပူးပေါင်းလာကြသည်။ ယူဂိုဆလပ်စစ်ပွဲမှာ ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်ပိုင်း ဥရောပတွင် ဖြစ်ပွားသည့် စစ်ပွဲများအနက် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လိင်အကြမ်းဖက်မှုများ ပါဝင်သည့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ရာတွင် အပြင်းထန် အရက်စက်ဆုံးသော စစ်ပွဲဖြစ်ကြောင်း မကြာခဏ ဖော်ပြကြလေသည်။ အကူးအပြောင်းကာလ တရားမျှတရေး နိုင်ငံတကာစင်တာ (Intermational Center for Transitional Justice) ၏ ဖော်ပြချက်အရ ယူဂိုဆလပ်စစ်ပွဲတွင် လူပေါင်း ၁၄၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ကြရသည်ဟု ဆိုလေသည်။ ယခင် ယူဂိုဆလပ်ဗီးယားနိုင်ငံမှာ… ယခုအခါ ဘော့စ်နီးယားနှင့် ဟာဇီဂိုဘီးနားနိုင်ငံ၊ ခရိုအေးရှားနိုင်ငံ၊ မက်ဆီဒိုးနီးယားနိုင်ငံ၊ မွန်တီနီးဂရိုးနိုင်ငံ၊ ဆလိုဗေးနီးယားနိုင်ငံ၊ ဆားဗီးယားနိုင်ငံနှင့် ကိုဆိုဗိုနိုင်ငံများအဖြစ် ၇ နိုင်ငံ ကွဲထွက်သွားလေသည်။ ရဲထွန်း (သီပေါ)
4 years Ago
Up