ယူဂန္ဓာနိုင်ငံ

November 17, 2021

ယူဂန္ဓာမြို့တော် အသေခံဗုံးခွဲမှုတွင် လူ ၃ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရ

ယူဂန္ဓာနိုင်ငံရဲ့ မြို့တော်ကမ်ပါလာမှာ အသေခံဗုံးခွဲမှု ၃ ခုအတွင်း လူ ၃ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

ဒီပေါက်ကွဲမှုတွေကြောင့် လွှတ်တော်အမတ်တွေနဲ့ တခြားလူတွေ အပြေးအလွှား ထွက်ပြေး ပုန်းအောင်းခဲ့ရတာပါ။ အနောက်နိုင်ငံတွေရဲ့ လုံခြုံရေး အထောက်အပံ့နဲ့ နှစ်ချီ ပျိုးထောင်နေရတဲ့ အရှေ့အာဖရိကနိုင်ငံမှာ ဒီပေါက်ကွဲမှုတွေကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ ပြောခွင့်ရ ဖရဒ်အီနန်ဂါက “ဒဏ်ရာရသူ ၃၃ ယောက်ထက်မနည်းကို ဆေးရုံတင် ကုသပေးနေရတယ်။ ၅ ယောက်က အသည်းအသန် အခြေအနေမှာ ရှိနေတယ်။ ဗုံးခွဲသူ ၃ ယောက် အပါအဝင် စုစုပေါင်း သေဆုံးသူ ၆ယောက် ရှိတယ်။ သေဆုံးသူတွေထဲမှာ ရဲတွေလည်း ပါတယ်” လို့ ပြောပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။

သေဆုံး ဒဏ်ရာရသူတွေထဲမှာ ရဲ ၂ ယောက်ပါတယ်လို့ သံတမန်တယောက်က ရိုက်တာကို ပြောပါတယ်။

ထောက်လှမ်းရေး အချက်အလက်တွေအရ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ မိတ်ဖက်ဖြစ်တဲ့ မဟာမိတ်ဒီမိုကရေစီအင်အားစု (ADF) မှာ တာဝန်ရှိတယ်လို့ ရဲတွေက ပြောပါတယ်။

ယူဂန္ဓာနိုင်ငံမှာ အရင်က အယ်လ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ ဆိုမာလီသူပုန်အုပ်စု အယ်လ်ရှာဘတ်တွေက လူသေတဲ့အထိ တိုက်ခိုက်ခဲ့ဖူးပါတယ်။

ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားတဲ့ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေရဲ့ အစိတ်အပိုင်းအဖြစ် ယူဂန္ဓာစစ်သားတွေက ဆိုမာလီနိုင်ငံထဲက အယ်လ်ရှာဘတ်တွေနဲ့ တိုက်ခိုက်ဖူးပါတယ်။

ဒီတိုက်ခိုက်မှုက ဘယ်သူ့လက်ချက်ဆိုတဲ့ တာဝန်ယူမှုလည်း မရှိသေးသလို အယ်လ်ရှာဘတ် စစ်သွေးကြွအုပ်စုရဲ့ ပြောခွင့်ရသူဆီက မှတ်ချက်ကိုလည်း မရသေးပါဘူး။

1 year Ago

January 13, 2021

ယူဂန္ဓာနိုင်ငံရှိ ဗစ်တိုးရီးယားရေကန်တွင် ငါးများသေဆုံး

ယူဂန္ဓာနိုင်ငံရှိ ဗစ်တိုးရီးယားရေကန်ထဲမှာ ရာချီတဲ့ ငါးသေတွေ ကမ်းခြေမှာ လာတင်နေတယ်လို့ ဒေသတွင်း ငါးဖမ်းသမားတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ငါးတွေ သေရတဲ့ အကြောင်းရင်းကို အသေအချာမသိရသေးပေမဲ့ များသောအားဖြင့် အောက်စီဂျင် ပမာဏ ချို့တဲ့လို့ ဖြစ်တတ်တဲ့ ဖြစ်စဉ်လို့ ယူဂန္ဓာ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ ငါးတွေသေဆုံးနှုန်းဟာ ခါတိုင်းနှစ်တွေထက် ပိုများတယ်လို့ ဒေသတွင်း ငါးဖမ်းသမားတွေက အရာရှိတွေကို ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်နည်းနည်းအတွင်း ကန်နားမှာ လာရောက် အခြေချ နေထိုင်သူတွေ၊ လယ်သမားတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းတွေဟာ ကန်ရဲ့ သဘာဝပတ်ဝန်းကျင်ကို ဖိအားသက်ရောက်စေတဲ့အရင်းအမြစ်တွေ ဖြစ်နေခဲ့တယ်လို့ Greenpeace အဖွဲ့ကြီးရဲ့ အာဖရိကဒေသ လှုံ့ဆော်ရေးမှူးက ပြောပါတယ်။ ကန်ရေ ညစ်ညမ်းမှုကြောင့် ငါးတွေ သေတာ ဖြစ်မှာကို သူက စိုးရိမ်နေပြီး ကန်ရေထဲမှာ ရေဆင်းကူးတဲ့ ကလေးတွေအတွက် အန္တရာယ်ဖြစ်မှာ စိုးရိမ်မိတယ်လို့ ပြောပါတယ်။  “လူတချို့က ငါးသေတွေကို စားပေမဲ့ ဘာမှ မဖြစ်ဘူး။ အဆိပ်သင့်နေနိုင်တယ်လို့ ပြောပေမယ့် ဘာမှမဖြစ်ကြဘူး။ တကယ်လို့ ငါးတွေသာ အဆိပ်သင့် သေရင် စားတဲ့သူတွေလည်း သေမှာပဲ” လို့ ငါးဖမ်းသမားတယောက်က ပြောပါတယ်။ ကန်အောက်ခြေမှာ ရေခဲနေလို့ ငါးတွေ အေးခဲပြီး သေတာလို့  တချို့လူတွေက ပြောကြတယ်လို့လည်း  ငါးဖမ်းသမားတွေက ပြောပါတယ်။
2 years Ago
Up