ယူဂန္ဓာ

November 4, 2020

ယူဂန္ဓာ အတိုက်အခံ သမ္မတလောင်း ကိုယ်စားလှယ်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ယူဂန္ဓာရဲတွေဟာ အတိုက်အခံ သမ္မတလောင်းကိုယ်စားလှယ် ဘိုဘီဝိုင်းရဲ့ ကားကို နိုဝင်ဘာ ၃ ရက်က အတင်းဝင်စီးခဲ့တဲ့ ရုပ်သံကို ရိုက်တာသတင်းဌာနက ရခဲ့ပါတယ်။ သူ့ကို ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုရာ ရိပ်သာနားမှာတင် အဖမ်းခံခဲ့ရတာပါ။ သူ အဖမ်းခံရအပြီး သူ့ကိုထောက်ခံသူ ထောင်ချီ ပြည့်နေတဲ့ ခြံဝင်းထဲကို ရဲကားတစီး မောင်းဝင်သွားခဲ့ပါတယ်။ ရဲတွေက ရော်ဘာကျည်ဆန်တွေ မျက်ရည်ယိုဓာတ်ငွေ့တွေကို သုံးပြီး ဆန္ဒပြလူစုကို ဖြိုခွဲခဲ့တယ်၊ ဆန္ဒပြလူအုပ်ကို ကျော်ပြီး ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သူ့လက်ထောက်တွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဖြိုခွင်းမှုကြောင့် လူ ၁၅ ယောက်ထက်မနည်း ဒဏ်ရာရပြီး ၄၉ ယောက် အဖမ်းခံရတယ်လို့ ဝိုင်းရဲ့ လက်ထောက်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အာဖရိကရဲ့ တတိယမြောက် အာဏာသက်တမ်းအရှည်ဆုံး သမ္မတ အသက် ၇၅ နှစ်အရွယ် ယိုဝေရီမူဆေဗေနီရဲ့ ၃၄ နှစ်ကြာ အာဏာသက်တမ်း အဆုံးသတ်ရေးကို ဝိုင်းက ရည်မှန်းထားပါတယ်။ ဝိုင်းဟာ ကိုယ်စားလှယ်လောင်းလျှောက်တဲ့ ရိပ်သာက ထွက်လာအပြီး တရားမဝင် လုပ်ငန်းစဉ်တွေ ကျင်းပဖို့ စီစဉ်ထားလို့ ရဲအချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ဝိုင်းဟာ အဆိုတော်နဲ့ ဂီတပညာရှင်တယောက် ဖြစ်ပြီး ကျိုးနွံနှိမ့်ချတဲ့ ဇာစ်မြစ်နဲ့ လူငယ့်အားမာန်တို့ကြောင့် လူဦးရေ ၄၂ သန်းရှိတဲ့ ယူဂန္ဓာနိုင်ငံအတွင်း လူငယ်အများအပြားရဲ့ ထောက်ခံမှုကို ရထားပါတယ်။ ဒါကြောင့် အများပြည်သူရဲ့ စည်းကမ်းသေဝပ်မှုကို ခြိမ်းခြောက်မှုနဲ့ စွပ်စွဲခံရပြီး ထပ်ခါတလဲလဲ အဖမ်းခံခဲ့ရဖူးပါတယ်။ ဝိုင်းကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး သမ္မတ ပြောခွင့်ရဆီက မှတ်ချက်တစုံတရာ ရဖို့ ကြိုးစားပေမယ့် မတုံ့ပြန်ခဲ့ပါဘူး။
1 year Ago

April 15, 2020

အရှေ့အာဖရိကတွင် ကျိုင်းကောင်အန္တရာယ်ကြောင့် စားနပ်ရိက္ခာမလုံလောက်မှု ကြုံတွေ့နေ

COVID-19 ကူးစက်ကပ်ဘေးကြောင့် လူနဲ့ ပစ္စည်းကိရိယာတွေ အရွှေ့အပြောင်း အသွားအလာ ကန့်သတ်ထားချိန်မှာပဲ အရှေ့အာဖရိကတဝန်းမှာ ကန္တာရကျိုင်းကောင်တွေကို ထိန်းချုပ်ဖို့ အားစိုက်နေရတယ်လို့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ကြီး (FAO) က ပြောပါတယ်။ အီသီယိုးပီးယား၊ ကင်ညာ၊ ဆိုမာလီ၊ တောင်ဆူဒန်၊ ယူဂန္ဓာနဲ့ တန်ဇန်းနီးယားနိုင်ငံတို့ပါတဲ့ အရှေအာဖရိက ၆ နိုင်ငံမှာ ကျိုင်းကောင်တွေရဲ့ ဘေးကြောင့် လူသန်း ၂၀ လောက်ဟာ ရုတ်တရက် စားစရာ မလောက်ငတဲ့ အတွေ့အကြုံကို ခံစားနေရပါပြီ။ မတ်လမှာ စပြီး နေရာအနှံ့အပြား မိုးရွာခဲ့လို့ လာမယ့်လတွေအတွင်း အရှေ့အာဖရိက ဒေသမှာ ကျိုင်းကောင် အရေအတွက် ပိုတိုးလာမယ်လို့ မျှော်လင့်ထားပါတယ်။ နောက်ထပ် ကျိုင်းအုပ်တွေဟာ ကင်ညာကနေ တောင်ဆူဒန်နဲ့ ယူဂန္ဓာအထိ ရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ကင်ညာမှာ ကျိုင်းကောင်တွေကို ထိန်းချုပ်ဖို့ မော်တာတပ် ဆေးဖျန်းစက်တွေကို သုံးဖို့ FAO က လယ်သမားတွေကို သင်တန်းပေးခဲ့ပါတယ်။ အရှေ့အာဖရိကမှာ ဟက်တာ ၁ သန်းကျော်ကို ကျိုင်းကောင် အခြေအနေ စစ်တမ်းကောက်ခဲ့ပြီး ဟက်တာ ၂၄၀,၀၀၀ ကျော်ကိုတော့ ဓာတုနဲ့ ဇီဝပိုးသတ်ဆေးတွေ ဖျန်းပြီးပါပြီ။  ကျိုင်းကောင် ထိန်းချုပ်မှု စစ်ဆင်ရေးအတွက် လူ ၇၄၀ ကိုလည်း သင်တန်းပေးပြီးပါပြီ။ ကန္တာရ ကျိုင်းကောင်တွေဟာ ကမ္ဘာပေါ်မှာ အဖျက်ဆီးဆုံး ရွှေ့ပြောင်းအင်းဆက် အမျိုးအစား ဖြစ်ပြီး ကျိုင်းကောင်တအုပ်မှာ ကောင်ရေ သန်း ၈၀ လောက် ပါနိုင်တယ်။ ၁  စတုရန်းကီလိုမီတာ အကျယ်အဝန်းကို ဖုံးသွားနိုင်တယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။
2 years Ago
Up