ယူကေနှင့် အိုင်ယာလန်

April 27, 2021

စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာရန် ယူကေနှင့် အိုင်ယာလန်ရောက် မြန်မာကျောင်းသားများ အစာငတ်ခံ ဆန္ဒပြ

ယူကေအစိုးရအနေနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်က ကြေညာပေးဖို့ တောင်းဆိုထားတာ သီတင်း ၂ ပတ်ကျော်ကြာခဲ့ပေမယ့် ထူးခြားမှုမရှိတာကြောင့် ယူကေနဲ့ အိုင်ယာလန်ရောက် မြန်မာကျောင်းသားတွေ  အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

မြန်မာကျောင်းသားတွေဟာ ယူကေရောက်မြန်မာနိုင်ငံသားတွေနဲ့အတူ ဧပြီ ၂၄ ရက် မနက် ၉ နာရီကနေ ဧပြီလ ၂၇ ရက် မနက် ၉ နာရီထိ ၇၂ နာရီတိတိအစာအငတ်ခံဆန္ဒပြခဲ့တယ်လို့ မြန်မာကျောင်းသာများသမဂ္ဂ ယူကေနဲ့ အိုင်ယာလန်က ထုတ်ပြန်ကြေညာထားပါတယ်။ 

နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီး အပြစ်မဲ့ပြည်သူ ၇၀၀ ကျော်သေဆုံးခဲ့ရတာ၊ ပြည်သူ ၂၃ ဦးကို မတရားသေဒဏ်ပေးတာ၊ ပြည်သူ ၃၀၀၀ ကျော်ကို အတင်းအဓမ္မဖမ်းဆီးထား တာတွေအတွက် စစ်‌ကောင်စီကို Terrorism Act 2000 အရ အကြမ်းဖက်အဖွဲ့အစည်း အဖြစ်ကြေညာပေးဖို့  ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ ကတည်းက ယူကေနိုင်ငံ ပြည်ထဲရေးဝန်ကြီးထံ ပေးပို့ခဲ့တာပါ။ 

ဒါ့အပြင် နိုင်ငံရေးအခြေအနေအခက်အခဲကြောင့် မိမိတိုင်းပြည်ကိုပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ယာယီကာကွယ်ရေးဗီဇာအနေနဲ့ ဗီဇာသက်တမ်းတိုးပေးထားဖို့လည်း တောင်းဆိုထားပါတယ်။ 

ဒါပေမဲ့ ဒီကနေ့ထိ အကြောင်းပြန်ကြားချက် တစုံတရာမရရှိခဲ့တာကြောင့်  ယူကေနဲ့ အိုင်ယာလန်ရောက် မြန်မာကျောင်းသားသမဂ္ဂ ပဉ္စမအကြိမ် ဗဟိုအလုပ်အမှုဆောင်များရဲ့ ဥက္ကဋ္ဌ ကိုကျော်မင်းဟန်နဲ့  မြန်မာကျောင်းသားတွေ၊ မြန်မာနိုင်ငံသားတွေက အခုလို ၇၂ နာရီကြာ အစာအငတ်ခံ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ 

အစာငတ်ခံဆန္ဒပြနေကြတဲ့ ယူကေနဲ့ အိုင်ယာလန်ရောက် မြန်မာကျောင်းသားတွေကို ထောက်ခံအားပေးကြောင်း  မြန်မာပြည်တွင်းက ကျောင်းသားသမဂ္ဂတွေကလည်း ထုတ်ပြန်ကြေညာထားပါတယ်။

Photo- MSU

3 weeks Ago
Up