ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် နောက်ထပ် ၆ ယောက်ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်တယ်လို့ ယူကေနိုင်ငံက ကြေညာပါတယ်။
ဖေဖော်ဝါရီ ၁ နေ့ စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ်ဆိုပြီး ဒဏ်ခတ်အရေးယူလိုက်တာဖြစ်ပါတယ်။
အရေးယူခံရသူ ၆ ယောက်ကတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ကို ဖြစ်ကြပါတယ်။
ယူကေရဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ ကုန်သွယ်စီးပွား မလုပ်နိုင်အောင် နိုင်ငံတကာကုန်သွယ်ရေးဌာနအနေနဲ့ တာဝန်ယူ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ယူကေရဲ့ ကြေညာချက်မှာဖော်ပြပါတယ်။
စစ်အစိုးရကိုသွယ်ဝိုက် အထောက်အပံဖြစ်စေတဲ့ ယူကေရဲ့ အကူအညီတွေကို ရပ်ဆိုင်းဖို့နဲ့ အဆင်းရဲဆုံးနဲ့ အလိုအပ်ဆုံးမြန်မာပြည်သူတွေ အသုံးပြုနိုင်အောင် ပြန်ပြီး အာရုံစိုက် ကူညီဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ယူကေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေအားလုံးကို ပစ်မှတ်ထားအရေးယူမှုတွေ ပြုလုပ်ဖို့ လျာထားတယ်လို့လည်း သိရပါတယ်။
“ဒီနေ့ အရေးယူမှုတွေပြုလုပ်လိုက်တဲ့အစီအစဉ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေ တာဝန်ခံရမယ်ဆိုတာနဲ့ မြန်မာပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲကိုလွှဲပေးရမယ်ဆိုတာ စစ်အစိုးကို ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်တာပဲ” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရက်ဘ်က ပြောပါတယ်။
မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့် အခွင့်အရေးတွေအတွက် ယူကေအနေနဲ့ မိတ်ဘက်နိုင်ငံတွေနဲ့ အတူ နီးကပ်စွာ ဆောင်ရွက်သွားမယ်လို့ မြန်မာပြည်သူတွေကို သတင်းစကားပါးလိုတယ်လို့လည်း ပြောပါတယ်။
ယူကေနိုင်ငံဟာ မကြာသေးခင်ကပဲ အာဏာသိမ်းမြန်မာစစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ ၃ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာနဲ့ ခရီးသွားလာမှု ကန့်သတ် ထိန်းချုပ်တာတွေလုပ်ပြီး ဒဏ်ခတ်အရေးယူမှုပြုလုပ်ခဲ့ပါတယ် ။
ယူကေနိုင်ငံဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၁၆ ယောက်အပေါ် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အရင်ကတည်းကလည်း အရေးယူဒဏ်ခတ်ထားပြီး ဖြစ်ပါတယ်။
Photo - DSINFO
မြန်မာအာဏာသိမ်းစစ်အစိုးရဟာ လူ့အခွင့်ရေးချိုးဖောက်မှုတွေလုပ်ဆောင်ခဲ့တယ်ဆိုပြီး ယူကေနဲ့ ကနေဒါနိုင်ငံတို့က တပ်မတော် စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
ယူကေအနေနဲ့ အာဏာသိမ်းမြန်မာစစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ ၃ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာနဲ့ ခရီးသွားလာမှု ကန့်သတ် ထိန်းချုပ်တာတွေ ပြုလုပ်လိုက်တာပါ။
ယူကေကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်အစိုးရနဲ့ စီးပွားရေး ဖက်စပ်လုပ်ကိုင်တာတွေကို ရပ်ဆိုင်းဖို့ စတင်လုပ်နေပြီလို့လည်း ယူကေအစိုးရက ကြေညာပါတယ်။
ယူကေနိုင်ငံဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၁၆ ယောက်အပေါ် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အရင်ကတည်းက အရေးယူ ဒဏ်ခတ်ထားပြီးလည်း ဖြစ်ပါတယ်။
အလားတူ ကနေဒါနိုင်ငံကလည်း မြန်မာစစ်အစိုးရခေါင်းဆောင် ၉ ယောက်ကို ပိတ်ဆို့ဒတ်ခတ်အရေးယူလိုက်တယ်လို့ ကနေဒါနိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ကနေဒါနိုင်ငံကအရေးယူလိုက်သူတွေထဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း၊ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ခေါင်းဆောင် ၁၀ ယောက်နဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေလုပ်ဆောင်ပြီးနောက် ယူကေနဲ့ ကနေဒါနိုင်ငံတွေကလည်း အခုလို လုပ်ဆောင်လိုက်တာပါ။
မြန်မာစစ်အစိုးရကတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို မျှော်လင့်ထားပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
အခုလို ယူကေနဲ့ကနေဒါက မြန်မာစစ်ခေါင်းဆောင်တွေပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေချမှတ်လိုက်တာဟာ မှန်ကန်တဲ့ ခြေလှမ်းတစ်လှမ်းဖြစ်ပေမဲ့ မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာရေး ပြိုလဲသွားအောင်ထပ်လုပ်ဖို့လိုသေးတယ်လို့ Global Witness အဖွဲ့ကြီးက ထုတ်ပြန်ပါတယ်။
အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတွေအနေနဲ့ မြန်မာတပ်မတော်ရှိ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးချုပ်နဲ့အထက်အဆင့် စစ်တပ်အရာရှိတွေအားလုံး၊ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ အပါအဝင် စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို ပိတ်ဆို့ဒဏ်ခတ် ရေးယူဖိုလည်းတောင်းဆိုလိုက်ပါတယ်။
Photo-DSINFO