ယူကရိန်း သမ္မတရုံး

August 15, 2021

ယူကရိန်းသမ္မတရုံးအနီး ဆန္ဒပြသူများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇေလန်စကီရဲ့ ရုံးနားမှာ အမျိုးသားရေးဝါဒီပါတီက ဆန္ဒပြသူတွေဟာ သြဂုတ် ၁၄ ရက်က အရန်အတားတွေကို ချိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားရာက ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ 

ယူကရိန်း ရဲတပ်ဖွဲ့ဝင်တွေက  ဆန္ဒပြသူတွေကို မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ပြီး ဆန္ဒပြသူတွေက တုတ်ရှည်တွေနဲ့  တိုက်ခိုက်ခဲ့သလို ကားတာယာတွေ၊ ကျောက်တုံးတွေနဲ့လည်း ပစ်ပေါက်ခဲ့ပါတယ်။

“ပဋိပက္ခအတွင်း ရဲ ၈ ယောက် ဒဏ်ရာရတယ်။ ရဲတွေက သမ္မတရုံးနားကို ချဉ်းကပ်လာတဲ့ ဆန္ဒပြသူတွေကို ရှာဖွေဖို့ ကြိုးစားရာက ငြင်းဆန်လို့ ရုန်းရင်းဆန်ခတ် ဖြစ်တာ”လို့ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို အခြေခံဥပဒေက အာမခံ ပေးထားပါတယ်။ အခြေခံ စစ်ဆေးမှု ခံယူပြီးသူတိုင်း သမ္မတရုံးရှေ့က ရင်ပြင်ကို ဝင်ခွင့်ပြုပြီးသားပါလို့လည်း သူက ဆက်ပြောပါတယ်။ ရုရှား လိုလားတဲ့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ဒွန်ဘတ်စ်ဒေသအတွက် အထူးအခြေအနေပေးထားတဲ့ စတိန်းမီးယားဖော်မြူလာလို့ သိကြတဲ့ အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြဖို့ လက်ယာယိမ်း National Corps ပါတီက ဒီချီတက်ပွဲကို စီစဉ်ခဲ့တာပါ။

လမ်းပိတ်ထားချိန်မှာ ရဲအရာရှိတွေက စပြီး အကြမ်းဖက်တာဖြစ်ပြီး ဆန္ဒပြသူ တချို့ ဒဏ်ရာရတယ်လို့ ဒီအုပ်စုက ပြောပါတယ်။

4 months Ago
Up