ယူကရိန်းရေတပ်

November 25, 2021

ယူကရိန်းရေတပ်ကို အားဖြည့်ရန် အမေရိကန်ကင်းလှည့်လှေ ၂ စီးရောက်ရှိ

ယူကရိန်းရေတပ်ကို အားဖြည့်ဖို့ ပြန်ပြုပြင်ထားတဲ့ အမေရိကန်ကမ်းရိုးတန်း ကင်းလှည့်လှေ ၂ စီး ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းမြို့ အော်ဒက်ဆာကို ရောက်လာပြီလို့ ယူကရိန်းရေတပ်က နိုဝင်ဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားက ယူကရိန်းအပေါ် လက်နက်ကိုင်ရန်လိုမှုကို ဟန့်တားဖို့ အမေရိကန်က အားပေးတာကို  ကျေးဇူးတင်ပါတယ်လို့ ရေတပ်ဦးစီးချုပ် အိုလက်စီ နေယီပါပါက ပြောပါတယ်။

ဒီလှေအသစ် ၂ စီးဟာ ၂၀၁၄ ကနေ ခုထိ အမေရိကန်က ယူကရိန်းကို ထောက်ပံ့တဲ့ အမေရိကန်ဒေါ်လာ ၂  ဒသမ ၅  ဘီလီယံတန် အကူအညီရဲ့ အစိတ်အပိုင်းပါ။

ရုရှားဟာ အဲဒီနှစ်မှာပဲ ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ရုရှား လိုလားတဲ့ ခွဲထွက်ရေးသမားတွေက ယူကရိန်းအရှေ့ပိုင်းတလွှားကို သိမ်းပိုက်ခဲ့ပါတယ်။

ယူကရိန်း ရေတပ်ပြန်ကြားရေးဌာနက ဖြန့်ချိတဲ့ ရုပ်သံတွေထဲမှာ သင်္ဘောတစီးက အိုက်စလန် အဆင့် ကင်းလှည့်လှေ ၂ စီးကို သယ်လာခဲ့ပြီး ယူကရိန်းစစ်သည်တွေဟာလည်း အမေရိကန် နိုင်ငံထဲမှာ ရေယာဉ်တွေနဲ့ သင်တန်းတက်ခဲ့ပြီးသားလို့ ဆိုပါတယ်။

ယူကရိန်းဟာ အလားတူ ရေယာဉ် ၂ စီးကို ၂၀၁၉ ခုနှစ်က လက်ခံရရှိပြီးသား ဖြစ်ပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း ယူကရိန်းနယ်စပ်နားမှာ ရုရှားက တပ်တွေတိုးမြှင့် ချထားနေတာဟာ ယူကရိန်းအစိုးရအပေါ် ခြိမ်းခြောက်တဲ့ အပြုအမူပဲလို့ ယူကရိန်း အမေရိကန်နဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးတို့က စွပ်စွဲထားပါတယ်။

ရုရှားအစိုးရကတော့ သူ့ပိုင်နက်ထဲမှာ သူ့တပ်တွေကို သူကြိုက်တဲ့ ဘယ်နေရာကိုမဆို ရွှေ့ဖို့ အခွင့်အရေးရှိပြီး ဘယ်သူ့ကိုမှ တိုက်ခိုက်ဖို့ စီစဉ်မနေဘူးလို့ ပြောခဲ့ပါတယ်။

တကယ်လို့ နေတိုးဟာ သူ့စစ်တပ် အခြေခံအဆောက်အဦတွေကို ယူကရိန်းနိုင်ငံထဲမှာ ထပ်တိုးချဲ့ခဲ့ပါက ဒါဟာ ရုရှားရဲ့ စည်းနီကို ကျော်မယ့် သဘောပဲလို့ ရုရှားအစိုးရက စက်တင်ဘာလထဲမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ယူကရိန်းနဲ့ နေတိုးအဖွဲ့တို့ဟာ ပင်လယ်နက်ထဲမှာအပါအဝင် ဒေသတွင်း မတည်ငြိမ်အောင် ပြုမူနေတယ်လို့ ရုရှားက စွပ်စွဲထားပါတယ်။

2 months Ago
Up