ယူကရိန်းနိုင်ငံ

April 18, 2022

ယူကရိန်းနိုင်ငံသို့ အမေရိကန် စစ်လက်နက်ပစ္စည်းများ ထပ်ရောက်ဖွယ်ရှိ

ဒီရက်ပိုင်းအတွင်း အမေရိကန်ဆီက စစ်လက်နက်ပစ္စည်း အကူအညီတွေ ယူကရိန်းနိုင်ငံထဲ ထပ်ရောက်သွားဖို့ ရှိပါတယ်။ 

ယူကရိန်းဆီပို့မယ့် လက်နက်ခဲယမ်းတွေကို  အမေရိကန်ပြည်ထောင်စု ဒယ်လဝဲပြည်နယ် ဒိုဝါ လေတပ်အခြေစိုက်စခန်းမှာ ပြင်ဆင်နေတာကို အမေရိကန်ကာကွယ်ရေးဌာနက ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။ 

ဒီရက်ပိုင်းအတွင်းမှာပဲ သမ္မတဂျိုးဘိုင်ဒင်က ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာသန်း ၈၀၀ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေပေးမယ့်အကြောင်းလည်း ကြေညာဖို့ ရှိပါတယ်။

အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ ယူကရိန်းအရှေ့ပိုင်းဒေသကို ရုရှားက  တာဝေးပစ် အမြောက်တွေကို သုံးပြီး တိုက်ခိုက်တာ ပြင်းထန်လာနိုင်တဲ့အတွက် ဒီလို တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်မယ့် စနစ်တွေကို ကူညီပေးသွားမယ်လို့ ပါရှိပါတယ်။

၂၀၁၄ ခုနှစ်ကစလို့ အမေရိကန် အစိုးရက ယူကရိန်းကို ပေးဖို့ ကတိပြုထားတဲ့ အကူအညီဟာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလံယံရှိသွားပြီ ဒီထဲမှာ လုံခြုံရေးကဏ္ဍအပြင် တခြား အထောက်အပံ့တွေလည်း ပါဝင်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 

9 months Ago

February 17, 2022

ယူကရိန်းနိုင်ငံပတ်လည်ကို ရုရှားစစ်သားများ ထပ်ရောက်နေဟု နေတိုးစွပ်စွဲ

ရုရှားက စစ်တပ်တွေ ပြန်ဆုတ်နေပြီး သံတမန်ရေးလမ်းကြောင်းကို ဖွင့်ပေးထားတယ်လို့ ပြောနေပေမဲ့ ယူကရိန်းနိုင်ငံပတ်လည်မှာ စစ်အင်အား အကြီးအကျယ် ချထားတဲ့ဆီကို နောက်ထပ် တပ်တွေ ထပ်ပို့နေတယ်လို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးက ရုရှားကို ဖေဖော်ဝါရီ ၁၆ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

ရုရှားက စစ်ရေးလေ့ကျင့်နေတာဟာ အထွဋ်အထိပ်အဆင့်ကို ရောက်နေပြီး ဖေဖော်ဝါရီ တလလုံး အတွင်းမှာ ယူကရိန်းကို ရုရှားက ကျူးကျော်မယ့် ဘေးကလည်း မြင့်မားနေဆဲပဲလို့ အနောက်နိုင်ငံ ထောက်လှမ်းရေး အကြီးတန်း အရာရှိတယောက်က သတိပေးထားပါတယ်။

နေတိုးကာကွယ်ရေးဝန်ကြီးတွေရဲ့ ၂ ရက်ကြာ အစည်းအဝေးစတင်ချိန်မှာ နေတိုး အတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်လည်း တက်ရောက်ခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက သိမ်းပိုက်မယ့် ခြိမ်းခြောက်မှုတွေ လျော့သွားပုံရတယ်ဆိုတာကို မယုံနိုင်ဘဲ သံတမန်ရေး နည်းလမ်းအတွက် မျှော်လင့်ချက်ထားတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

“ဘယ်ရုရှားတပ်တွေ ဆုတ်သွားတာကိုမှ ကျနော်တို့ မမြင်ရသေးဘူး။  မြင်တာကတော့ သူတို့ ပုံစံနဲ့ သူတို့ တပ်တွေရော တပ်ဖွဲ့ဝင်တွေပါ ပိုတိုးနေခဲ့တာကိုပဲ ခုထိတော့ အရှိန်မလျော့သေးဘူး” လို့ စတော့တန်ဘာ့ဂ်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ အစည်းအဝေးမှာ နေတိုးဟာ ရုရှားရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဖို့ ငြင်းနေပြီး ကာကွယ်ရေးဝန်ကြီးတွေကတော့ ညီညွတ်ကြောင်းပြဖို့ ကြိုးစားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  

11 months Ago
More News
Up