ယူကရိန်းသမ္မတ

May 29, 2019

ယူကရိန်းသမ္မတသစ် ဇေလန်စကီ စစ်တပ်အခြေစိုက်စခန်းများ သွားရောက်ကြည့်ရှု

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇေလန်စကီဟာ မေလ ၂၇ ရက်နေ့က နိုင်ငံအရှေ့ပိုင်းက လူဟန့်စ်ဒေသမှာရှိတဲ့ စစ်တပ် အခြေစိုက်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ဒါဟာ ဇေလန်စကီအနေနဲ့ သမ္မတရာထူး ရပြီးကတည်းက လူဟန့်စ်ဒေသကို ပထမဆုံး ခရီးစဉ်ပါ။ သမ္မတ ဇေလန်စကီဟာ ကတုတ်ကျင်းတွေ တူးထားတဲ့ နေရာကို သွားရောက်လေ့လာပြီး စစ်သားတွေ၊ အရာရှိတွေနဲ့ နှုတ်ဆက်နေတဲ့ ရုပ်သံဖိုင်ကို သမ္မတရုံး သတင်းပြန်ကြားရေးက ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီနေရာဟာ လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံလို့ တကိုယ်တော် ကြေညာထားတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေ တပ်စွဲထားတဲ့နေရာနဲ့ မီတာ ရာဂဏန်းပဲ ဝေးပါတယ်။ ယူကရိန်းနိုင်ငံမှာ ရုရှားကိုလိုလားတဲ့ သမ္မတတယောက် ရာထူးဖြုတ်ချခံခဲ့ရတဲ့ ၂၀၁၄ ခုနှစ်က နိုင်ငံအရှေ့ပိုင်းက လူဟန့်စ်ဒေသနဲ့ ဒန်ညက်စ်ဒေသတို့မှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအစိုးရကို တော်လှန်ပုန်ကန်ခဲ့ကြပါတယ်။ ရုရှားကလည်း ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသူပုန်တွေကို စစ်ရေးအထောက်အပံ့ ပေးခဲ့တယ်လို့ သက်သေအထောက်အထားတွေကို စုစည်းပြီး ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ရုရှားကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ ယူကရိန်းသမ္မတ ရာထူးအပ်နှင်းပွဲ အခမ်းအနားမှာ ဇေလန်စကီက နိုင်ငံအရှေ့ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ အဓိကဦးစားပေး လုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းရဲ့ နယ်မြေတွေကို ပြန်ပေးပြီး စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးမှသာ ရုရှားနဲ့ ဆွေးနွေးမယ်လို့လည်း သူက ပြောခဲ့ပါတယ်။
2 years Ago

May 21, 2019

ဟာသမင်းသား ဗိုလို ဒီမီယာ ဇေလန်စကီ ယူကရိန်းသမ္မတအဖြစ် ကျမ်းကျိန်

ယူကရိန်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဟာသမင်းသား ဗိုလို ဒီမီယာ ဇေလန်စကီဟာ ယူကရိန်းသမ္မတ ရာထူးအတွက် မေလ ၂၀ ရက်နေ့က လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အခမ်းအနားမှာ ဇေလန်စကီဟာ ယူကရိန်းသမ္မတ တယောက်ရဲ့ မင်းမြှောက်တန်ဆာ သုံးခုကိုလည်း လက်ခံရယူခဲ့ပါတယ်။ အရင်က နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ဟာသမင်းသား ဇေလန်စကီဟာ ဧပြီလရွေးကာက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့ပေမယ့် သူ့ရဲ့ Servant of the People ပါတီဟာ လွှတ်တော်ထဲမှာ နေရာမရှိသေးပါဘူး။ အဲဒါကြောင့် Servant of the People ပါတီဟာ လာမယ့် ယူကရိန်းလွှတ်တော် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အလားအလာ များပေမယ့် လွှတ်တော်အမတ်နေရာ အများစုတော့ မဟုတ်တော့ဘူးလို့ အခုအပတ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတခုက ဖော်ပြပါတယ်။ သမ္မတရာထူးအပ်နှင်းပွဲ အခမ်းအနားမှာ ဇေလန်စကီက ပထမဆုံးအနေနဲ့ ယူကရိန်း အရှေ့ပိုင်း အပစ်အခတ်ရပ်စဲရေး အောင်မြင်အောင်လုပ်မယ်လို့ ပြောခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်းဒေသမှာ ရုရှား ကျောထောက်နောက်ခံပေးတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ငါးနှစ်ကြာ ပဋိပက္ခအတွင်း လူပေါင်း တသောင်းသုံးထောင်ကျော် သေဆုံးခဲ့ပါတယ်။ ရုရှားက ယူကရိန်းရဲ့နယ်မြေကို ပြန်ပေးပြီး စစ်သုံ့ပန်းတွေကို လွှဲပြောင်းပေးဖို့ ရုရှားနဲ့ ဆွေးနွေးမယ်လို့ ဇေလန်စကီက ထပ်လောင်း ပြောခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း သူ့အနေနဲ့ ယူကရိန်းသမ္မတသစ် ဇေလန်စကီကို ဂုဏ်ပြုပေးဖို့ အစီအစဉ် မရှိဘူးလို့ ရုရှားအစိုးရ ပြောခွင့်ရ ဒီမီထရီ ပက်စ်ကို့ဗ်က မေလ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ယူကရိန်း အရှေ့ဘက်ဒေသမှာ ပဋိပက္ခတွေ တည်ငြိမ်အောင် စွမ်းဆောင်နိုင်ပြီး ရုရှားနဲ့ ဆက်ဆံရေးကို ပြန်ပြင်နိုင်မယ်ဆိုရင် ယူကရိန်းသမ္မတ ဇေလန်စကီကို ပူတင်က ဂုဏ်ပြုစကား ပါးလိမ့်မယ်လို့ သူက ပြောပါတယ်။ အကျင့်ပျက်ခြစားမှုအပြင် လူနေမှုအဆင့်အတန်းလည်း ကျဆင်းခဲ့တဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားဆီကနေ လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်းသုံးဆယ်နီးပါး ကာလအတွင်း ဥရောပရဲ့ အဆင်းရဲဆုံးနိုင်ငံအဖြစ် ရှိနေခဲ့တာပါ။
2 years Ago
More News
Up