ယုံကြည်အားကိုးလက်ခံနိုင်တဲ့ လူ့အခွင့်အရေးအချက်အလက်စုံစမ်းရေးကော်မရှင်ဖြစ်ဖို့ ဘာတွေ အရေးကြီးမလဲ

A d v e r t i s e m e n t With Us

January 2, 2020

ယုံကြည်အားကိုးလက်ခံနိုင်တဲ့ လူ့အခွင့်အရေးအချက်အလက်စုံစမ်းရေးကော်မရှင်ဖြစ်ဖို့ ဘာတွေ အရေးကြီးမလဲ

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က သူတို့ရဲ့ အပြီးသတ်အစီရင်ခံစာကို လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလလယ်မှာ သမ္မတထံ တင်သွင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။ အချိန်ကာလအရ တော်တော်အရေးကြီးတဲ့အချိန်မှာ ထွက်ပေါ်လာမှာလို့ ပြောလို့ရပါတယ်။ ရခိုင်ဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ အမှုဖွင့်ထားတဲ့အချိန်အတွင်း ပြည်တွင်းပြည်ပက စိတ်ဝင်စားမှုတွေ အရမ်းမြင့်နေချိန်မှာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီအပြီးသတ်အစီရင်ခံစာမှာ ပါမယ့် အကြောင်းအရာတွေက အမှုရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ကာကွယ်ပေးနိုင်မလား၊ ဒါမှမဟုတ် ကျူးလွန်မှုအဖြစ်အပျက်တွေကို ဖော်ထုတ်တင်ပြလာပြီး သက်သေခံဖြစ်သွားမလားဆိုတာကို စိတ်ဝင်စားနေကြတဲ့သူ တွေအများကြီးပါ။ ICJ တရားရုံးမှာ အဓိကကိုးကားပြောဆိုသွားတဲ့အစီရင်ခံစာကတော့ ကုလသမဂ္ဂက ဖွဲ့စည်းတာဝန်ပေးလိုက်တဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။  နိုင်ငံတကာပညာရှင် (၃) ဦးက တာဝန်ယူရေးသားခဲ့တဲ့ ဒီအစီရင်ခံစာမှာ ရခိုင်ဒေသနဲ့ တခြားတိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး လူပေါင်း (၈၇၅) ကျော်ကို မေးမြန်းထားပြီး စာမျက်နှာပေါင်း (၄၄၀) ကျော်ရှိပါတယ်။ အဲဒီအချက်အလက်ရှာဖွေရေး အဖွဲ့ ဖွဲ့စည်းမှုကို မြန်မာ အစိုးရက ပယ်ချထားခဲ့ပြီး အဖွဲ့ရဲ့ ရှာဖွေတွေ့ရှိချက်တွေကို လက်မခံဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။  အဲဒီအဖွဲ့ရဲ့ တည်ထောင်မှု၊ ဖွဲ့စည်းမှုနဲ့ လုပ်ပိုင်ခွင့်တွေဟာ သမာသမတ် မရှိစေနိုင်သလို ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ရေရှည်တည်တံ့တဲ့ အဖြေတွေ ရှာဖွေနေတဲ့ အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုပါ အဟန့်အတား ဖြစ်လာစေနိုင်မှာကို စိုးရိမ်ဖွယ် ဖြစ်ရတယ်လို့ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ရင် မြန်မာအစိုးရက ဖွဲ့စည်းတာဝန်ပေးထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရှိပြီးသားဖြစ်တဲ့အကြောင်း မကြာခဏပြောဆိုလေ့ရှိပါတယ်။  ဒီတော့ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မစ်ရှင်နဲ့ မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာနှစ်ခုက အချက်အလက်တွေနဲ့ တင်ပြပုံ ကောက်ချက်ချပုံတွေဟာ ဘာတွေကွဲလွဲနေသလဲ ဘာတွေက ယုံကြည်နိုင်လောက်လဲဆိုတာ လေ့လာရမဲ့အချက်တွေဖြစ်ပါတယ်။ အခုဆိုရင် ရခိုင်ဒေသရဲ့လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ ကုလသမဂ္ဂက ဖွဲ့စည်းခဲ့ပြီး မြန်မာအစိုးရက အသိအမှတ်မပြုတဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်ရယ်၊ မြန်မာအစိုးရက ဖွဲ့စည်းအသိအမှတ်ပြုပေးထားပြီး နိုင်ငံတကာက အားမရတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရယ် ရှိနေပါတယ်။ နိုင်ငံတကာနဲ့ မြန်မာနိင်ငံအစိုးရတို့အကြားမှာ မစ်ရှစ်နဲ့ ကော်မရှင်အကြောင်းနဲ့ ပတ်သက်ပြီး အပြန်အလှန်ထောက်ပြပြောဆိုမှုတွေရှိနေခဲ့ပါတယ်။ ဒီလိုမတူညီတဲ့မစ်ရှင်နဲ့ ကော်မရှင်တို့ကနေ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေအပေါ်မှာလည်း မတူညီတဲ့ အမြင်အမျိုးမျိုးရှိနေကြပါတယ်။ မှန်ကန်တဲ့ ခိုင်လုံတဲ့ အစီရင်ခံစာဖြစ်လာဖို့အတွက် အချက်အလက်စုံစမ်းရေးကော်မရှင်မှာ ရှိသင့်ရှိအပ်တဲ့ အချက်တွေရှိဖို့လိုအပ်ပါတယ်။ နိုင်ငံတကာသတ်မှတ်ချက်တွေ သီးသန့်မရှိပေမဲ့ တွေးမိတာလေးတွေကို အနည်းငယ်တင်ပြပါရစေ။  ပထမဦးဆုံးအရေးကြီးတဲ့အချက်ကတာ့ ကော်မရှင်အပေါ် ယုံကြည်ကိုးစားနိုင်မှုပါ။ မြန်မာနိုင်ငံအခြေအနေကတော့ မြင်တဲ့အတိုင်းပါပဲ။ မြန်မာအစိုးရက ဖွဲ့စည်းတဲ့ကော်မရှင်ကို နိုင်ငံတကာက မယုံကြည်၊ နိုင်ငံတကာကဖွဲ့စည်းတဲ့ မစ်ရှင်ကိုလည်း မြန်မာအစိုးရက အသိအမှတ်မပြုတဲ့ပြဿနာပါ။ ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာဖြစ်တဲ့ အခင်းအကျင်းတခုကို ဖော်ဆောင်ဖို့ မကြိုးစားတဲ့အခါ ယုံကြည်မှုတွေကိုတည်ဆောက်နိုင်ဖို့ အခက်အခဲတွေဖြစ်ရပါတယ်။ ယုံကြည်အားကိုးမှုမှာ အရေးကြီးတဲ့အချက်က ဒေသခံပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုဖြစ်ပါတယ်။ ဒေသခံတွေထဲမှာမှ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ပြည်သူတွေရဲ့ ကော်မရှင်အပေါ် ယုံကြည်မှုက အထူးအရေးအကြီးဆုံးပါ။ ချိုးဖောက်ခံရသူတွေစီမှာ အဖြစ်မှန်သတင်းတွေရှိပါတယ်။ ဒီလိုသတင်းတွေကို စုံစမ်းစုဆောင်းဖို့ ကော်မရှင်မှာ တာဝန်ရှိတယ်။ ဒါပေမဲ့ ချိုးဖောက်မှုကို ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့တဲ့သူတွေက ကော်မရှင်ကို မယုံကြည်လို့ သတင်းတွေမပေးဘူးဆိုရင် ကော်မရှင်အနေနဲ့ ဘာမှလုပ်ဆောင်လို့ရမှာ မဟုတ်ပါဘူး။ ရေးသားထုတ်ဝေတဲ့ အစီရင်ခံစာဟာဆိုရင်လည်း ခိုင်လုံတိကျမှုတွေရှိလာမှာမဟုတ်ပါဘူး။ တာဝန်ပေးလိုက်တဲ့ကော်မရှင်ကို ပြည်သူတွေ ချိုးဖောက်ခံရသူတွေက ယုံကြည်အားကိုးမှသာ သတင်းတွေပေးရဲပြီး အဖြစ်မှန်တွေကို စုံစမ်းဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ယုံကြည်အားကိုးမှုကလည်း လွယ်လွယ်နဲ့ ရရှိနိုင်တာတော့မဟုတ်ပါဘူး။ ကော်မရှင်ရဲ့ လွတ်လပ်မှု၊ ကော်မရှင်မှာပါဝင်တဲ့သူတွေရဲ့နောက်ကြောင်း သိက္ခာတွေအပေါ်မှာလည်း မူတည်ပါတယ်။ ဒါတွေကတော့ ကော်မရှင်ရဲ့ လွတ်လပ်မှုနဲ့ ကော်မရှင်၀င်တွေရဲ့ ကိုယ်ကျင့်တရားကို ဆိုလိုတာပါ။ အဓိကကတော့ ယုံကြည်မှုရရှိဖို့အတွက်ပေါ့။ ဒီတော့ ကော်မရှင်မှာပါဝင်တဲ့သူတွေဟာ လူ့အခွင့်အရေးအပေါ်မှာ ရဲရဲဝံ့ဝံ့ရပ်တည်ရဲတဲ့သူတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးကို ဘယ်သူကျူးလွန်လွန် ဘယ်သူ့အပေါ်မှာပဲ ကျူးလွန်လွန် လူအခွင့်အရေးချိုးဖောက်မှုကို လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ခံယူပြီး တရားမျှတမှုရရှိအောင် ကြိုးပမ်းဆောင်ရွက်သူတွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ချိုးဖောက်သူဖက်ကဖြစ်စေ၊ အစိုးရဘက်ကဖြစ်စေ ရပ်တည်တာမျိုးမဟုတ်ဘဲ ချိုးဖောက်ခံရသူတွေဖက်၊ အမှန်တရားအတွက်၊ တရားမျှတမှုအတွက် ရပ်တည်တဲ့သူတွေဖြစ်ဖို့ အထူးအရေးကြီးလှပါတယ်။ ကော်မရှင်မှာ ယုံကြည်လောက်စရာအချက်တွေပြည့်နေတဲ့တိုင်အောင် အားကိုးမှုမရနိုင်တဲ့ အခြေအနေတွေရှိတတ်ပါသေးတယ်။ ကော်မရှင်အပေါ် အားမကိုးနိုင်တဲ့အဖြစ်မျိုးတွေလည်း ရှိတတ်ပါသေးတယ်။ ကော်မရှင်က ဘယ်လောက်ကောင်းကောင်း ဘယ်လောက်တော်တော် သူ့ရဲ့အကြံပြုချက်တွေကို တာဝန်ရှိတဲ့သူတွေက လေးစားလိုက်နာဆောင်ရွက်တာတွေ လုပ်ဆောင်မှာမဟုတ်ဘူး၊ ကော်မရှင်ကလဲ ဘာမှတတ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးတွေရှိနေရင် အားကိုးမှုက လျော့နည်းနေစမြဲပါ။ လက်ရှိမြန်မာနိုင်ငံက အခြေအနေက ယုံကြည်မှုရှိနိင်တဲ့တိုင်အောင် အားကိုး လို့မရသောအခြအနေမျိုးဖြစ်နေပါတယ်။ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရလို့ဆိုပေမဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်မှုကို မဆောင်ကျဉ်းနိုင်တဲ့ အဖြစ်အပျက်တွေ အများကြီးရှိနေဆဲပါ။ အပြစ်ကျူးလွန်ပေမဲ့ အပြစ်ကလွတ်ကင်းနေတဲ့သူတွေလည်း အများကြီးပါ။ ပြည်တွင်းတရားစီရင်မှုကို ယုံကြည်အားကိုးချင်သည့်တိုင်အောင် ယုံကြည်အားကိုးလို့မရတဲ့အခြေအနေတွေရှိနေဆဲပါ။  နိုင်ငံတကာကလည်း ပြည်တွင်းတရားစီရင်မှုအရ အရေးယူနိုင်တဲ့အခြေအနေမရှိတာကြောင့် နိုင်ငံတကာရာဇဝတ်မှုကျူးလွန်သူတွေကို နိုင်ငံတကာ ရာဇတ်တရားစီရင်ရေးအရ အရေးယူဆောင်ရွက်ဖို့လိုတယ်လို့ ထောက်ပြနေတာကလဲ ဒီအချက်ကြောင့်ပါဘဲ။ ကိုယ့်တိုင်းပြည်ရဲ့ တရားစီရင်မှုယန္တရားက ခိုင်မာနေမယ်၊ အပြစ်ရှိသူကို အပြစ်ရှိတဲ့အတိုင်း ထိထိရောက်ရောက်အရေးယူနိုင်မယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အားကိုးလာကြမှာ အမှန်မလွဲပါ။ ပြည်တွင်းတရားစီရင်မှုကောင်းနေရင် ပြည်ပရဲ့ တရားစီရင်မှုကိုလည်း အားကိုးစောင့်စားစရာလည်း လိုမှာမဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပိုမိုအားကောင်းစေတဲ့ နောက်အချက်ကတော့ သက်ဆိုင်ရာဌာနတွေ အဖွဲ့အစည်းတွေရဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို ဘက်မျှစွာနဲ့ စုံစမ်းစစ်ဆေးနိုင်ဖို့၊ သက်သေအထောက်အထားတွေရရှိစုဆောင်းနိုင်ဖို့နဲ့ ဘက်ပေါင်းစုံက အသံတွေ အမြင်တွေရရှိနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အားဖြည့်ပေးတတ်ပါတယ်။ သွားလာတာတွေကို မကန့်သတ်တာတွေ၊ တွေ့ဆုံလိုတဲ့သူနဲ့ တွေ့ဆုံမေးမြန်းနိုင်အောင် စီစဥ်ပေးတာတွေ၊ သတင်းပေးတဲ့သူတွေကို မနှောင့်ယှက်တာတွေ လုပ်ဆောင်မှ ခိုင်မာတဲ့ သတင်းတွေရရှိနိုင်မှာပါ။ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်မလုပ်ဘဲ အနှောင့်အယှက်တွေပေးနေမယ်ဆိုရင် ကော်မရှင်ရဲ့လုပ်ငန်းတွေကို ထိခိုက်စေမှာ သေချာပါတယ်။ တာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိမှ အခင်းဖြစ်ပွားတဲ့နေရာတွေကို သွားလာစုံစမ်းနိုင်မှာဖြစ်သလို မဟုတ်မမှန်ချဲ့ကားပြောဆိုတာမျိုးတွေ လုပ်ကြံဖန်တီးပြောဆိုတာမျိုးတွေကို မှန်မမှန်ဆန်းစစ်နိုင်မှာဖြစ်ပါတယ်။ ဒါတွေကတော့ အားကောင်းတဲ့ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ်ဖို့ ထုတ်ပြန်တဲ့အစီရင်ခံစာတွေကို လက်ခံနိုင်ဖို့အတွက် အဓိကအချက်တွေပဲ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။ အောင်မျိုးမင်း
1 year Ago
Up