မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲဟာ အားလုံးပါဝင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်စေမယ် မျှော်လင့်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။
ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောဆိုချက်ကို နိုဝင်ဘာ ၆ ရက် UN News ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကို စနစ်တကျ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ယုံကြည်လက်ခံနိုင်အောင် ကျင်းပပေးဖို့ ကိုလည်း ဂူတာရက်စ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်တောင်းဆိုပါတယ်။
ဒါ့အပြင် ဒီရွေးကောက်ပွဲကနေ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းကင်းနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်စေဖို့ မျှော်လင့်တယ်လို့လည်း ဂူတာရက်စ်က ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံ နေရာအတော်များများမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွက် စိုးရိမ်မှုကို လည်း မစ္စတာ ဂူတာရက်စ်က အလေးနက်ထား ပြောခဲ့ပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိခိုက်လွယ်တဲ့ အရပ်သားတွေ အများအပြား ဆက်လက်သေဆုံးနေပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်မှု ရပ်စဲရေးအတွက် ထပ်မံ မတောင်းဆိုခင်မှာပဲ ကုလသမဂ္ဂနဲ့ တခြားမိတ်ဖက်အဖွဲ့တွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေ နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ရောက်ရှိဖို့ဟာ အရေးကြီးနေဆဲပဲလို့ မစ္စတာ ဂူတာရက်စ်က ဆိုပါတယ်။
ဒါမှသာ အားလုံးက ကိုဗစ်-၁၉ တိုက်ဖျက်ရေးကို အာရုံစိုက်နိုင်မယ်လို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။
မြန်မာပြည်သူတွေအတွက် အခုလို အရေးပါတဲ့အခြေအနေမှာ ဂုဏ်သိက္ခာရှိရှိ ငြိမ်းငြိမ်း ချမ်းချမ်းနေ ထိုင်ရဖို့ကို ကုလသမဂ္ဂအနေနဲ့ကူညီသွားဖို့ ထပ်လောင်း အတည်ပြုပါတယ်ဆိုပြီး လည်း ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောဆိုခဲ့ပါတယ်။
2 years Ago