ယုံကြည်မှုအပြည့်

October 29, 2020

ပြည်သူအပေါ် ယုံကြည်မှုအပြည့်ရှိဟု နိုင်ငံတော်သမ္မတပြော

ပြည်သူတွေအပေါ်မှာ ယုံကြည်မှုအပြည့်ရှိတယ်လို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဒီကနေ့ အောက်တိုဘာ ၁၉ ရက်မနက်က နေပြည်တော်မှာ ကြိုတင်မဲလာပေးစဉ်   မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။ “ပြည်သူတွေကတော့ ယုံကြည်အားကိုးပြီးသားပါ။ ပြည်သူတွေအပေါ်မှာ ကျနော်တို့က ယုံကြည်မှုအပြည့်ရှိပါတယ်။  ပြည်သူတွေကလည်း ကျနော်တို့ကို  ယုံကြည်မှုအပြည့်ရှိတယ်လို့ ယုံကြည်ထားပါတယ် ” လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့မနက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ကြိုတင်မဲပေးခဲ့ကြတာပါ။ နိုင်ငံတော်သမ္မတအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် မဲပေးခဲ့တာဖြစ်ပြီး၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗဟန်းမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် မဲပေးတာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတ ဦးဝင်းမြင့်က တာမွေမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ဝင်ပြိုင်မှာဖြစ်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်မှာဖြစ်ပါတယ်။ နေဖြိုးဝင်း    
1 year Ago
Up