ယုဇနဥယျာဉ်မြို့တော်

March 27, 2021

ယုဇနဥယျာဉ်မြို့တော်၌ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ပြီး ကျည်ဆန်ထိမှန်သူများကို တရွတ်တိုက်ဆွဲခေါ်သွား

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ မတ်လ ၂၇ ရက် မနက်က  ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက လာရောက် ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ လက်ရှိအချိန်အထိ  ပြည်သူ အနည်းဆုံး  ၂ ဦးဒဏ်ရာရပြီး ၄ ဦးဖမ်းခံရတယ်လို့ အခင်းဖြစ်နေရာ ရောက်ရှိနေသူတွေက ပြောပါတယ်။

ဒါ့အပြင် ကျည်ဆန်ဝမ်းဗိုက်ထိမှန်ထားတဲ့ ပြည်သူတစ်ဦးကို စစ်အုပ်စုက တရွတ်တိုက်ဆွဲခေါ်သွားပြီး သွေးထွက်လွန်နေတယ်လို့သိရပါတယ်။ ကျန်အလောင်းတွေကိုလည်း သယ်ယူသွားတယ်လို့ ပြောပါတယ်။ လတ်တလော သေဆုံးဒဏ်ရာရသူ စာရင်း အတိအကျ မသိရသေးပါဘူး။ 

ဆန္ဒပြရာမှာ ပါဝင်သူတွေကို ရဲနဲ့စစ်တပ်က အိမ်ပေါ်တွေအထိ ထုရိုက်ဖွင့်ပြီး ဖမ်းဆီးခေါ်ဆောင်နေပါတယ်။ ရပ်ကွက်အတွင်းကိုလ​ည်း စစ်ကားတွေနဲ့  လှည့်ပတ်သွားကာ အသံဗုံးအပြင် သေနတ်မိုးပေါ်ထောင်ပစ်ပြီး အပြင်ထွက်မလာဖို့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

8 months Ago

March 25, 2021

ယုဇနဥယျာဉ်မြို့တော်၌ သေနတ်ကျည်ဆန်ထိမှန် ပြင်းထန်ဒဏ်ရာရခဲ့သည့် လူငယ် ၁ ဦး ကွယ်လွန်

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ  ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ ညသပိတ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ပြင်းထန်ဒဏ်ရာရခဲ့သူ မောင်ရှိန်းနောင်နောင် (၁၉ နှစ်) ဟာ မတ်လ ၂၃ ရက်နေ့က ကျဆုံးသွားပါတယ်။

သူဟာ ကျောရိုးကျည်ထိဒဏ်ရာကြောင့် ခြေထောက်အောက်ပိုင်းမလှုပ်နိုင်ဘဲ အာရုံကြော တချို့ သေသွားခဲ့ပါတယ်။ 

ခွဲစိတ်ဖို့ စံပြဆေးရုံမှာတင်ထားပြီး စံပြဆေးရုံကနေ အရိုးဆေးရုံကို လွှဲတဲ့အခါမှာ နောက်ကျ သွားတဲ့အတွက် ခဲဆိပ်တက်ပြီး တစ်ပတ်အကြာမှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ယုဇနဥယျာဉ်မြို့တော်မှာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့ရသူ ၄ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

8 months Ago
Up