ယီမင်အစိုးရသစ်

December 14, 2020

ယီမင်အစိုးရသစ် မကြေညာမီ တပ်များ နေရာပြန်ချရန် ပြင်ဆင်

ယီမင်နိုင်ငံ အေဒင်မြို့မှာ ဆော်ဒီအာရေဗျ အစိုးရနဲ့ သဘောတူညီချက် အစိတ်အပိုင်းအနေနဲ့ သြဇာခွဲဝေယူထားတဲ့ အစိုးရသစ် မကြေညာမီ တပ်တွေ နေရာပြန်ချဖို့ ပြင်ဆင်နေပါတယ်။ ယီမင်မှာ နိုင်ငံတကာအသိအမှတ်ပြု အစိုးရနဲ့ နိုင်ငံတောင်ပိုင်း ခွဲထွက်ရေးသမားတွေကြား ထိပ်တိုက်တွေ့မှု အဆုံးသတ်ဖို့ ဆော်ဒီအစိုးရက ကြားဝင်ဖျန်ဖြေခဲ့ပြီး သဘောတူညီချက်ကို ၂၀၁၉ နိုဝင်ဘာမှာ ကြေညာပြီး ၂၀၂၀ ဇူလိုင်မှာ အသက်ဝင် အားပြည့်လာခဲ့တာပါ။ ခွဲထွက်ရေးသမား တောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီ (STC) ရဲ့ တပ်တွေကို ဆော်ဒီအစိုးရနဲ့ မဟာမိတ် အာရပ်စော်ဘွားများ ပြည်ထောင်စု UAE က ကျောထောက်နောက်ခံ ပေးထားပါတယ်။ ဒီအဖွဲ့ဟာ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီလှုပ်ရှားမှုအဖွဲ့နဲ့ တိုက်ပွဲ ဆင်နွှဲနေတာပါ။ ၂၀၁၄ မှာ ဆော်ဒီက ကျောထောက်နောက်ခံပေးပြီး နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အစိုးရကို ဟူသီတွေက မြို့တော်ကနေ တိုက်ထုတ်အပြီး နိုင်ငံတောင်ပိုင်းမှာ အခြေစိုက်ထားတဲ့ အစိုးရနဲ့ (STC) တို့ကြား အာဏာလုပွဲ ဖြစ်နေခဲ့ပါတယ်။ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က “နှစ်ဖက်လုံးကလူတွေ ပါပြီး ဝန်ကြီး ၂၄ ဦး ပါမယ့် အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေး သဘောတူညီချက် ရထားပြီးပြီ။ သီတင်းပတ် တပတ်အတွင်း စစ်ရေးလက္ခဏာသွင်ပြင်တွေ အကောင်အထည်ဖော်လို့ပြီးပြီဆိုရင် အစိုးရသစ်ကို ကြေညာမယ်” လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ခွဲထွက်ရေးသမားတွေရဲ့ တပ်တွေကို ဟူသီတွေနဲ့ ရှေ့တန်းဆီ ပြန်ပို့တာ၊ အေဒင်ဆိပ်ကမ်းမြို့ထဲက တပ်တွေကို မြို့ပြင်ပို့တာတွေကို ကြာသပတေးနေ့မှာ စတင်မယ်လို့လည်း ပြောပါတယ်။ ယီမင်နိုင်ငံအတွင်း ဆော်ဒီအာရေဗျနဲ့ အီရန်တို့ရဲ့ နယ်ရုပ်တွေကြားက ပဋိပက္ခအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံနေရတဲ့ စစ်ပွဲကြောင့် လူ ၁ သိန်းကျော် သေဆုံးခဲ့ပြီး ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာမှု အကျပ်အတည်းဆိုက်နေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ မြို့တော်စာနာနဲ့ လူဦးရေများတဲ့ ဒေသတွေ အများစုကို ထိန်းချုပ်ထားတဲ့ ဟူသီတွေကတော့ အီရန်ရဲ့ ရုပ်သေးရုပ် ဆိုတဲ့ စွဲချက်ကို ငြင်းပြီး သူတို့ဟာ အကျင့်ပျက် ခြစားနေတဲ့စနစ်ကို တိုက်ပွဲ ဝင်နေတာလို့ ပြောပါတယ်။ 
4 months Ago
Up