ယီမင်နိုင်ငံ

A d v e r t i s e m e n t With Us

January 19, 2021

အမေရိကန်သံရုံးရှေ့တွင် ယီမင်နိုင်ငံသားများ ဆန္ဒပြ

မြို့တော်စာနာက အမေရိကန်သံရုံးရှေ့မှာ ရာချီတဲ့ ယီမင်နိုင်ငံသားတွေ ဇန်နဝါရီ ၁၇ ရက်က စုဝေးဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံရဲ့ မြို့တော်နဲ့ နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့ ဟူသီအုပ်စုကို အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်တဲ့ အမေရိကန်အစိုးရကို ပြစ်တင်ရှုတ်ချပါတယ်။ ဟူသီတွေကို ထောက်ခံသူတွေဟာ အမေရိကန်နဲ့ ဆော်ဒီအာရေဗျကို ဆန့်ကျင်တဲ့ ဆောင်ပုဒ်တွေကို ဟစ်ကြွေးရင်း သံရုံးခြံစည်းရိုးမှာ ပိုစတာတွေကို ချိတ်ဆွဲခဲ့ကြပါတယ်။  ဟူသီလှုပ်ရှားမှုအဖွဲ့နဲ့ သူတို့ရဲ့ ခေါင်းဆောင် ၃ ယောက်ကို ဒဏ်ခတ်ဖို့ အပါအဝင် အကွက်ရွှေ့မှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက ဇန်နဝါရီ ၁၀ ရက်မှာ ကြေညာခဲ့တာပါ။ ဒဏ်ခတ်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရာထူး နောက်ဆုံးနေ့ ဖြစ်တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ စပြီးအသက်ဝင်မှာလည်း ဖြစ်ပါတယ်။ ဒဏ်ခတ်တဲ့ အချက်တွေထဲမှာ ဟူသီတွေရဲ့ အမေရိကန်နဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ အမေရိကန် နိုင်ငံသားတွေကို ဟူသီတွေနဲ့ စီးပွားရေးမလုပ်ဖို့ တားမြစ်ပိတ်ပင်တာ၊ ဟူသီ လှုပ်ရှားမှုကို ထောက်ပံ့ရင် ရာဇဝတ်မှုအဖြစ် သတ်မှတ်တာတွေ ပါပါတယ်။ ယီမင်နိုင်ငံအတွင်း လူအထူဆုံး နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီတွေကို နာမည်ပျက်စာရင်း သွင်းတာဟာ ယီမင်ကို ဆယ်စုနှစ်အတွင်း ကမ္ဘာမှာ မမြင်ဖူးတဲ့အဆင့်ထိ ရောက်အောင် အငတ်ဘေးဆိုက်မယ့် အခြေအနေကို တွန်းပို့လိုက်တာပဲလို့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။
2 months Ago

January 3, 2021

ယီမင်နိုင်ငံ လေဆိပ်တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သည့် သတင်းထောက်၏ဈာပနပြုလုပ်

ယီမင်နိုင်ငံ အေဒင်မြို့လေဆိပ်က တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ သတင်းထောက် အဒိဘ်အယ်လ်ဂျနာနီကို သူ့ဇာတိမြေ ထိုက်ဇ်မြို့မှာ ဇန်နဝါရီ ၂ ရက်က မြေမြုပ်သင်္ဂြိုဟ်လိုက်ပါတယ်။ ယီမင်ရုပ်သံ ဘယ်လ်ကီးစ်ရဲ့ သတင်းထောက် အယ်လ်ဂျနာနီဟာ အေဒင်မြို့အတွက် အသစ်ခန့်အပ်လိုက်တဲ့ အစိုးရအဖွဲ့ ရောက်လာတာကို ဒီဇင်ဘာ ၃၀ ရက်က သတင်းယူနေခဲ့တာပါ။ အဲဒီအချိန်က ပေါက်ကွဲမှုကြောင့် သူအပါအဝင် လူ ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ လေယာဉ်က ရိယာ့ဒ်လေဆိပ်ကို ရောက်အပြီးမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကို ကြားရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မော်တာကျည်ဆန် ၃ လုံး လေဆိပ်ခန်းမဆောင်ကို ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံ လုံခြုံရေး သတင်းရင်းမြစ်တရပ်က ပြောပါတယ်။ ယီမင်နိုင်ငံထဲမှာ ၆ နှစ်ကြာ စစ်ပွဲဆင်နွှဲနေတဲ့ ဟူသီတွေ လုပ်တာလို့ ယီမင် ညွန့်ပေါင်းအစိုးရက စွပ်စွဲပေမဲ့ ဟူသီတွေက စွဲချက်ကို ငြင်းဆိုထားပါတယ်။ ယီမင်အစိုးရ မဟာမိတ်တွေကြား အကွဲအပြဲကို အဆုံးသတ်ဖို့ ဆော်ဒီအာရေဗျ အစိုးရက ရည်မှန်းပြီး တောင်ပိုင်းခွဲထွက်ရေးသမားတွေနဲ့ ယီမင်သမ္မတ အဘ်ဒယ်ရာဘူမန်ဆော်ဟာဒီ အစိုးရတို့ ပေါင်းပြီး အစိုးရအသစ်ကို ဖွဲ့စည်းခဲ့တာပါ။ ယီမင်နိုင်ငံထဲမှာ ဆော်ဒီက ကျောထောက်နောက်ခံပေးထားပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ တောင်ပိုင်းအခြေစိုက် အစိုးရနဲ့ နိုင်ငံမြောက်ပိုင်းက မြို့တော်စာနာ အခြေစိုက် ဟူသီသူပုန်တွေကြား စစ်ဖြစ်နေလို့ ကမ္ဘာ့အဆိုးဆုံး လူသားချင်းစာနာမှု အကျပ်အတည်း ဆိုက်နေတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
2 months Ago
More News
Up