ယီမင် ကုလရုံး လေကြောင်းတိုက်ခိုက်ခံရမှု ဘန်ကီမွန်း ရှုတ်ချ

July 1, 2015

ယီမင် ကုလရုံး လေကြောင်းတိုက်ခိုက်ခံရမှု ဘန်ကီမွန်း ရှုတ်ချ

ယီမင်နိုင်ငံ အေဒင်မြို့က ကုလသမဂ္ဂရုံး ခြံဝင်းထဲ ညွန့်ပေါင်းတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကို ကုလသမဂ္ဂက အပြင်းအထန်ကန့်ကွက်ရှုတ်ချလိုက်ပြီး ဒီမတော်တဆမှုကို အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဇွန် ၂၈ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံး ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး အစောင့်တယောက် ဒဏ်ရာရခဲ့တယ်လို့ ကုလ ဒု-ပြောခွင့်ရ ဖာဟန် ဟခ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ကုလသမဂ္ဂရုံး ပရိဝုဏ်တွေရဲ့ မချိုးဖောက်နိုင်မှုနဲ့ ကုလဝန်ထမ်းအားလုံးရဲ့ အရေးကြီးတဲ့ အလုပ်တွေကို အချိန်အားလုံးမှာ လေးစားရမယ်လို့လည်း ဖာဟန် ဟခ်က ပြောပါတယ်။ “ယီမင်နိုင်ငံတွင်း ကာလကြာရှည် ငြိမ်းချမ်းရေးကို စွမ်းဆောင်နိုင်ဖို့ တခုတည်းသော ဖြစ်နိုင်တဲ့ လမ်းကြောင်းက အကျပ်အတည်းတွင်း ပါဝင်သူ အားလုံးဟာ တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ညှိနှိုင်းရေးစားပွဲဆီ ပြန်လာကြဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ကို ဒီမတော်တဆမှုက ထင်ရှားအောင် လုပ်လိုက်တာလို့ အတွင်းရေးမှူးချုပ်က ခိုင်ခိုင်မာမာ ယုံကြည်တယ်။” ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ လနဲ့ချီပြီး ဟူသီသူပုန်တွေကို တိုက်နေခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ယီမင်နိုင်ငံရေး ပါတီတွေကြား ဆွေးနွေးပွဲတွေ မအောင်မြင် ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ ဒီစစ်ပွဲ ပြီးဆုံးမယ့် လက္ခဏာတော့ မရှိသေးဘူးလို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။
6 years Ago
Up