ယီမင်နိုင်ငံ ဈေးတခုထဲကို လေကြောင်းကနေတိုက်ခိုက်ခံရပြီး  အရပ်သားများသေဆုံး

July 30, 2019

ယီမင်နိုင်ငံ ဈေးတခုထဲကို လေကြောင်းကနေတိုက်ခိုက်ခံရပြီး  အရပ်သားများသေဆုံး 

ယီမင်နိုင်ငံမြောက်ပိုင်း၊ ဆာဒါခရိုင်က ဈေးတခုကို    ဇူလိုင် ၂၉ ရက်က လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောပါတယ်။  အရပ်သား ၁၀ ယောက်သေဆုံးခဲ့တဲ့ ဈေးတိုက်ခိုက်ခံရမှုဟာ ဟူသီသူပုန်အဖွဲ့ရဲ့ လက်ချက်လို့ ယီမင်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီး မူအာမာ အယ်လ် အာယာနီက တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ကာတာဘီရူခရိုင်မှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း လူ ၁၃ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ ဆေးရုံမန်နေဂျာက ပြောပါတယ်။ ကာတာဘီရူခရိုင်ဟာ ယီမင်အစိုးရကို ကျောထောက်နောက်ခံပေးထားတဲ့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ အီရန်ရဲ့မဟာမိတ် ဟူသီသူပုန်အဖွဲ့တို့ တိုက်ပွဲဖြစ်နေတဲ့ ဒေသပါ။  အယ်လ်မာဆီရာ ရုပ်သံသတင်းဌာနကတော့  သေဆုံးသူ အရေအတွက် ၁၄ ယောက်ရှိတယ်လို့ ဆိုပါတယ်။ ဟူသီသူပုန် အဖွဲ့ဟာ ယီမင်တောင်ပိုင်းက ဆော်ဒီအစိုးရလေတပ်အခြေစိုက်စခန်းတခုကို တနင်္လာနေ့က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဟူသီစစ်တပ် ပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။  ယီမင်အစိုးရနဲ့ ဟူသီသူပုန်အဖွဲ့အကြား ပဋိပက္ခတွေရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရေး ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေဟာ အခုပြဿနာကြောင့် ပိုရှုပ်ထွးစေနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  ဓာတ်ပုံ- ရိုက်တာ
2 years Ago
Up