ယီမင်အစိုးရတပ်နှင့် ခွဲထွက်ရေးသမားများ တိုက်ပွဲဖြစ်၊ ၁၀ ဦး သေဆုံး

January 29, 2018

ယီမင်အစိုးရတပ်နှင့် ခွဲထွက်ရေးသမားများ တိုက်ပွဲဖြစ်၊ ၁၀ ဦး သေဆုံး

ယီမင်နိုင်ငံတောင်ပိုင်းက အေဒင်မြို့မှာ ဇန်နဝါရီ ၂၈ ရက်နေ့က အစိုးရတပ်တွေနဲ့ တောင်ပိုင်း ခွဲထွက်ရေးသမားတွေကြား တိုက်ပွဲဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၀ ယောက် သေဆုံးပြီး နောက်ထပ် ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ဆေးကုရေးအဖွဲ့တွေက ပြောပါတယ်။ ယီမင်ဝန်ကြီးချုပ် အာမက်ဘင်ဒါဂါက အပစ်အခတ်ရပ်စဲရေး ကြေညာပြီး အစိုးရသစ္စာခံ တပ်တွေအနေနဲ့ စစ်တန်းလျားပြန်ကြဖို့ ညွှန်ကြားပြီးနောက်မှာ တိုက်ပွဲတွေ ပြန်စလာတာလို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ လက်ရှိဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ ခွဲထွက်ရေးသမားတွေက အချိန်ပေးထားတာပါ။ ပေးထားတဲ့သတ်မှတ်ချိန် ကုန်သွားပြီးတဲ့နောက် တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။ ခွဲထွက်ရေးသမားတွေက အစိုးရဟာ အဂတိလိုက်စားတာနဲ့ တလွဲစီမံတာတွေ လုပ်နေတယ်လို့ စွပ်စွဲထားပေမယ့် အစိုးရဘက်ကတော့ စွဲချက်ကို ငြင်းဆိုထားပါတယ်။ ဆော်ဒီကျောထောက်နောက်ခံပေးထားတဲ့ သမ္မတ မန်ဆော ဟာဒီရဲ့တပ်ဖွဲ့တွေ၊ ဟူသီသူပုန်တွေနဲ့ တောင်ပိုင်း ခွဲထွက်ရေးသမားတွေကြားက ၃ နှစ်ကြာ ပဋိပက္ခတွေကြောင့် ယီမင်နိုင်ငံတွင်း စည်းလုံးမှုက အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေပါတယ်။
3 years Ago
Up