ယီမင်

June 24, 2019

ဆော်ဒီ အရပ်ဘက်လေဆိပ်ကို ဟူသီသူပုန် တိုက်ခိုက်၊ ၁ ဦးသေဆုံး

ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့ဟာ ဇွန် ၂၃ ရက်က ဆော်ဒီအာရေဗျတောင်ပိုင်းက အရပ်ဘက်လေဆိပ် အက်ဘ်ဟာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် လူတယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။ ဆော်ဒီတောင်ပိုင်းက အက်ဘ်ဟာလေဆိပ်နဲ့ ဂျီဇန်လေဆိပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဟူသီအဖွဲ့က သူတို့ရဲ့ အယ်လ်မာစီရာ ရုပ်သံကနေတဆင့် ကြေညာခဲ့ပါတယ်။ ဆော်ဒီပြည်တွင်းနဲ့ ဒေသတွင်း လေကြောင်းလိုင်းတွေ အဆင်းအတက်လုပ်ရာ အက်ဘ်ဟာလေဆိပ်ရဲ့ ယာဉ်ရပ်နားစခန်းကို သံသယဖြစ်ဖွယ် ဒရုန်းယာဉ်တစီးက တိုက်ခိုက်ခဲ့တယ်လို့ ဆော်ဒီအစိုးရပိုင် အယ်လ်အာရေးဘီးယား သတင်းဌာနက ပြောပါတယ်။ လက်ရှိမှာတော့ အက်ဘ်ဟာလေဆိပ်မှာ လေယာဉ်တွေ ပုံမှန်အတိုင်း ပြန်ပြေးဆွဲနေပြီလို့ ဆော်ဒီနိုင်ငံပိုင် ရုပ်သံက ပြောပါတယ်။ ဟူသီသူပုန်အဖွဲ့ဟာ အခုလ အစောပိုင်းကလည်း အက်ဘ်ဟာလေဆိပ်ကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူ ၂၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။ မကြာသေးခင်လတွေကတည်းက ဟူသီအဖွဲ့ဟာ ဆော်ဒီမြို့တွေကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ အရှိန်မြင့် တိုက်ခိုက်နေပါတယ်။ ယီမင်ပြည်တွင်းစစ်အတွင်း ယီမင်အစိုးရကို ကျောထောက်နောက်ခံ ပေးထားတဲ့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
2 years Ago

May 13, 2019

ယီမင်နိုင်ငံရှိ ဟူသီသူပုန်တပ်များ ပြန်ဆုတ်ခွာ

ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေဟာ ဟိုဒေးဒါခရိုင်ထဲက ဆာလိဖ်ဆိပ်ကမ်းကနေ သူတို့တပ်တွေကို ပြန်ဆုတ်ခွာနေပါပြီ။ ဒါဟာ ကုလသမဂ္ဂက ကြားဝင်ပံ့ပိုးပြီးတဲ့နောက် လနဲ့ချီ နှောင့်နှေးနေတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ရွှေ့ပြောင်းနေတာပါ။ တပ်ရွှေ့တာကို ကုလသမဂ္ဂက မစစ်ဆေးရသေးသလို ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က လက်ခံတာလည်း မရှိသေးပါဘူး။ ဆော်ဒီ ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်အစိုးရနဲ့ အီရန်ရဲ့မဟာမိတ် ဟူသီသူပုန်တွေကြား အပစ်အခတ်ရပ်စဲရေးနဲ့ တပ်တွေပြန်ဆုတ်ရေး မနှစ်က သဘောတူညီချက် ရခဲ့ပါတယ်။ အဲဒီနောက်မှာ အကောင်အထည်ဖော်တဲ့ ပထမဆုံး အကြီးစားခြေလှမ်းလည်း ဖြစ်ပါတယ်။ ဆန်အတွက် ဟူသီတပ်တွေ နေရာရွှေ့ တပ်ချတာကို ကုလအဖွဲ့တွေက ကြီးကြပ်နေပါတယ်။ တခြားတပ်တွေကတော့ ရေနံအတွက် ဒုတိယဆိပ်ကမ်းဖြစ်တဲ့ ရက်စ်အီဆာကို ဦးတည် ရွှေ့ပြောင်းနေတယ်။ ဒါဟာ ဟူသီတွေ တပ်ဆုတ်တာ အကောင်အထည် စဖော်ဖို့ပဲလို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောပါတယ်။ ဟူသီတွေဟာ ဆာလိဖ်နဲ့ ရက်စ်အီဆာအပြင် ဟိုဒေးဒါ ဆိပ်ကမ်းကနေပါ ကနဦး တဖက်သတ် တပ်ရွှေ့တာကို မေလ ၁၁ ကနေ ၁၄ ရက်ကြားမှာ ရွှေ့လိမ့်မယ်လို့ ကုလ တပ်ပြန်ချရေး ညှိနှိုင်းမှုကော်မတီက အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ယီမင်စစ်ပွဲအတွင်း ဟိုဒေးဒါဆိပ်ကမ်းဟာ ဟူသီတွေရဲ့ အဓိကထောက်ပံ့ရေး လမ်းကြောင်းဖြစ်လို့ ဖြတ်တောက်နိုင်ဖို့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ဆိပ်ကမ်းကို သိမ်းပိုက်နိုင်ရေး ၂ ကြိမ်တိုင် ကြိုးစားဖူးပါတယ်။
2 years Ago
More News
Up