ယာဉ် မတော်တဆမှု

October 12, 2018

ကင်ညာနိုင်ငံ ခရီးသည်တင်ယာဉ် မတော်တဆမှု ၅၆ ဦး သေဆုံး

ကင်ညာနိုင်ငံ ကယ်ရိချိုကောင်တီက ကိစုမု မူရုဟိုနီ အဝေးပြေးလမ်းပေါ် အောက်တိုဘာ ၁၀ ရက်နေ့ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုအတွင်း သေဆုံးသူ ၅၆ ဦးထိ ဖြစ်လာပြီလို့ ကင်ညာရဲတပ်ဖွဲ့က ပြောပါတယ်။ ခရီးသည်တင်ယာဉ်ဟာ နိုင်ရိုဘီကနေ ကင်ညာအနောက်ပိုင်းကို ထွက်လာတာဖြစ်ပြီး ဒရိုင်ဘာဟာ ကားကိုထိန်းမရတော့ပဲ မတ်စောက်နေတဲ့ တောင်စောင်းကနေ ထိုးကျသွားတာလို့ ကဲရိခို ကောင်တီ နယ်မြေ ရဲစခန်းမှူး ဂျိမ်းစ် မူဂီရာက ပြောပါတယ်။ အစပိုင်းမှာတော့ နေရာမှာတင် သေဆုံးသူ ၄၂ ယောက်ရှိပြီး ဒဏ်ရာရသူတွေကို မူဟိုရိုနီနဲ့ ကဲရိခို ဆေးရုံတွေဆီ ပို့ဆောင်ခဲ့ပါတယ်။ ဆေးရုံတွေမှာ ကုသပေးနေရင်း နောက်ထပ် ၁၄ ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၉ ယောက်၊ အမျိုးသမီး ၁၅ ယောက်၊ အမျိုးသား၃၂ ယောက် ပါဝင်ပြီး ၁၅ ယောက်ကတော့ အသက်ရှင်တယ်လို့ ရဲစခန်းမှူးက ပြောပါတယ်။ ဒီဘတ်စ်ကားဟာ ညဘက်မောင်းနှင်သွားလာဖို့ လိုင်စင်မရထားဘူးလို့ အမျိုးသား ပို့ဆောင်ရေးနဲ့ ဘေးကင်းရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။ အသက်ရှင် လွတ်မြောက်လာသူ ၁ ဦးက ဘတ်စ်ကားဟာ ဝန်ပိုတွေ တင်ထားပြီး ယာဉ်မောင်းဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို မလိုက်နာဘူးလို့ ဆိုပါတယ်။ မတော်တဆ ဖြစ်ချိန်မှာ ဘတ်စ်ကားဟာ အရှိန်တင် မောင်းနှင်နေတာလို့ မျက်မြင်တယောက်က ပြောပါတယ်။ ကင်ညာနိုင်ငံမှာ ဘတ်စ်ကားတွေကို တနာရီ ကီလိုမီတာ ၈၀၀ ကျော်လွန်မောင်းနှင်ခွင့် မပြုပါဘူး။ လမ်းပေါ်မှာ လူအများကြီး သေဆုံးရမှုကို ရပ်တန့်ဖို့အတွက်  ၂၀၁၇ ဒီဇင်ဘာကစပြီး အများပြည်သူစီး ဘတ်စ်ကားတွေကို ညဘက်မောင်းနှင်ခွင့် ပိတ်ပင်ထားပါတယ်။
3 years Ago
Up