ယာဉ်ကြောများ ပိတ်ဆို့

February 8, 2018

ပြင်သစ်တွင် ဆီးနှင်းကျရောက်မှုကြောင့် ယာဉ်ကြောများ ပိတ်ဆို့

ပြင်သစ်နိုင်ငံ ပါရီမြို့နဲ့ အနီးတ၀ိုက်မှာ ဆီးနှင်းတွေ ဆိုးဆိုးရွားရွားကျဆင်းနေလို့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပါတယ်။ ပါရှန်းဒေသလို့ လူသိများတဲ့ ပါရီမြို့အနီးက အီဒီဖရန့်ဒေသမှာ ယာဉ်ကြောပိတ်ဆို့မှုဟာ  ဖေဖော်ဝါရီ ၆ ရက်ညနေပိုင်းက ကီလိုမီတာ ၇၀၀ ကျော်ထိ ရှိခဲ့ပါတယ်။ နှင်းတွေဖုံးလွှမ်းပြီး လမ်းချော်နေလို့ ရာနဲ့ချီတဲ့ ကားမောင်းသူတွေဟာ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပါတယ်။ ပါရီမြို့ထဲမှာလည်း ဖေဖော်ဝါရီ ၇ ရက်နေ့က ဘက်စ်ကားနဲ့ ကျောင်းကားသယ်ယူပို့ ဆောင်ရေးတွေကို ရပ်ဆိုင်းထားရပါတယ်။ ရထားလမ်းပိတ်ဆို့မှုကတော့ အီဒီဖရန့်ဒေသမှာ အဆိုးရွားဆုံးဖြစ်ပြီး ဒေသရဲ့ ရထားခရီးစဉ် တ၀က်လောက် ရပ်ဆိုင်းထားရတယ်လို့ ရထားကုမ္ပဏီက ပြောပါတယ်။ လူတွေကို ခရီးသွားလာမှု ကန့်သတ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ပန်ကြားထားပြီး ကုန်တင်ကားကြီးတွေကို ဒေသရဲ့ အဓိကလမ်းမကြီးတွေမှာ မောင်းနှင်ခွင့် ပိတ်ပင်ထားပါတယ်။ ပါရီမြို့အပါအ၀င် မြို့နယ် ၂၅ မြို့နယ်မှာ နှင်းကျလွန်ကဲမှုအတွက် ပြင်သစ်မိုးလေ၀ သဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ပါရီမြို့နဲ့အနီး တ၀ိုက်ဒေသတွေမှာ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းအချိန်ထိ နှင်းပိုကျနိုင်ပြီး  အအေးလွန်ကဲနိုင်တယ်လို့ ပြင်သစ်မိုးလေ၀သဌာနကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up