ယာဉ်မောင်းသင်

July 23, 2018

တားမြစ်စံနှုန်းများကို ဆန့်ကျင်ပြီး အာဖဂန်အမျိုးသမီးများ ယာဉ်မောင်းသင်

အာဖဂန်နစ္စတန် မြောက်ပိုင်းက အမျိုးသမီးတွေဟာ သူတို့ကို တားမြစ်ထားတဲ့ လူမှုရေးစံနှုန်းတွေကို ဆန့်ကျင်ပြီး  ယာဉ်မောင်းသင်နေကြပါတယ်။ အာဖဂန်နစ္စတန် မြောက်ပိုင်း မဇာအီရှရစ်ဖ်မြို့မှာ အမျိုးသမီးတွေ ကားမောင်းနေတာကို မြင်တွေ့ရပါတယ်။ ဒီလို မြို့ထဲက လမ်းတွေမှာ အမျိုးသမီးတွေ ကားမောင်းနေတာကို တွေ့မြင်ရတဲ့ မြင်ကွင်းက ထူးခြားလှပါတယ်။ ဒီတလကြာ ယာဉ်မောင်းသင်တန်းမှာ အမျိုးသမီး ၅ဝ လောက် တက်ရောက်သင်ကြားနေတာ ဖြစ်ပါတယ်။ အမျိုးသမီးယာဉ်မောင်းတဦးက ဒီကားမောင်းသင်တန်းဟာ အမျိုးသမီးတွေ ကိုယ့်အားကိုယ်ကိုးဖို့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “အခုလို ကားမောင်းသင်တာက အမျိုးသမီးတွေအတွက် အခွင့်အလမ်းတရပ်လို့ ကျမ မြင်ပါတယ်။ တကယ်တော့ အမျိုးသမီးတွေ ကားမောင်းသင်နေတာကို မကောင်းပြောနေမယ့်အစား အားပေးသင့်ပါတယ်” လို့ ယာဉ်မောင်းသင် အမျိုးသမီးတဦးက ပြောပါတယ်။ ဒါဟာ အာဖဂန်အမျိုးသမီးတွေ ယာဉ်မောင်းသင်တန်း ပြီးဆုံးအောင်တက်ဖို့ ဒေသ ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၊ အမျိုးသမီးရေးရာ အုပ်ချုပ်ရေးအဖွဲ့၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ကို ပထမဆုံးအကြိမ် ရရှိတာဖြစ်ပါတယ်။ ရိုဆာနူရီဂါဆိုသူ အမျိုးသမီးကတော့ ကားမောင်းသင်ဖို့ မိဘထောက်ခံမှု  ရရှိထားပါတယ်။ ဒါဟာ အမျိုးသမီးတွေ ကားမောင်းတာကို လက်မခံတဲ့ ရှေးရိုးစွဲ အာဖဂန် လူ့အဖွဲ့အစည်းမှာ ရှားပါးဖြစ်စဉ်တခု ဖြစ်ပါတယ်။ “ကျမတို့အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကျမတို့ဟာ အာဖဂန်လူဦးရေ ထက်ဝက်ကို ကိုယ်စားပြုတယ်။ ဒါကြောင့် ကျမတို့ဟာ  ဒီလိုခွင့်မပြုတာတွေကို တွန်းလှန်ရပါမယ်” လို့ ရိုဆာနူရီဂါက ပြောပါတယ်။ ဒီလိုမျိုး ခွင့်မပြုတာတွေကြောင့် အမျိုးသမီးတွေဟာ သူတို့ရဲ့ လူမှုဘဝတွေမှာ အမျိုးသားတွေကို မှီခိုနေရတယ်လို့ အာဖဂန်အမျိုးသမီး အခွင့်အရေး ထောက်ခံသူတွေက ဆိုပါတယ်။ မနှစ်တုန်းက အမျိုးသမီးယာဉ်မောင်း ၃ဝဝ ယာဉ်မောင်းလိုင်စင် ရရှိခဲ့ပြီး အာဖဂန်မြောက်ပိုင်းမှာ ပထမဆုံး အမျိုးသမီးယာဉ်မောင်းတွေ ဖြစ်လာခဲ့တယ်လို့ ဗွီအိုအေ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up