ယာဉ်ပေါ်တွင် လေသေနတ် ၂ လက် ဖမ်းမိ

August 30, 2017

ပြည်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် ယာဉ်ပေါ်တွင် လေသေနတ် ၂ လက် ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် တိုက်ကြီးမြို့အထွက် တိုးဂိတ်မှာ တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ လုံခြုံရေးအရ ယာဉ်များ ရပ်တန့်စစ်ဆေးရာ ပြည်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာတဲ့ NISSAN.ADYAN အဖြူရောင်ကို ရပ်တန့်စစ်ဆေးရာ သစ်သားနဲ့ ပြုလုပ်ထားပြီး ဘောစေ့ထည့်ပစ်ရတဲ့ လက်လုပ် လေသေနတ် ၂ လက် ဖမ်းစီးရမိခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းမှ ဒုရဲအုပ်စိုးမြင့်ခိုင်က ပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဦးရန်လင်းဦးက “သြဂုတ်လ ၃၀ ရက်နေ့ ၂ နာရီ ၅၀ မိနစ်မှာ တိုက်ကြီးတိုးဂိတ်မှာ လုံခြုံရေး ဆောင်ရွက်နေစဉ် ကားကို ရပ်ပြီးစစ်တော့ ကားပေါ်မှာ လူ ၆ ဦး ပါတယ်။ ကားကို စစ်ဆေးတော့ ကားနောက်ဖုံးကို ဖွင့်ခိုင်းပြီး ကြည့်လိုက်တော့ တာလပတ်နဲ့အုပ်ထားတဲ့ သေနတ်နှစ်လက် တွေ့တယ်။ ကျောပိုးအိတ်တလုံး တွေ့တယ်။ ဒါနဲ့စခန်းမှူးနဲ့အဖွဲ့တွေက ယာဉ်ပေါ်ပါသူတွေနဲ့ ကားကို စခန်းကို ခေါ်ဆောင်သွားပါတယ်” လို့ ပြောပါတယ်။ ယာဉ်ပေါ်ပါသူ ၆ ဦးကို စစ်ဆေးရာ ဖိုးခွား(ခ)ချစ်မင်းကျော်နဲ့ မိုးလွင်တို့ရဲ့ ပစ္စည်းတွေဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ မအူပင်မြို့နေ ယာဉ်မောင်းစိုးရာဇာ (၂၅-နှစ်)၊ ချစ်မင်းကျော် (၂၇-နှစ်)၊ ကျိုက်လတ်မြို့နယ်နေသူ မိုးလွင် (၃၇-နှစ်) တို့ကို လက်နက်ဥပဒေပုဒ်မ ၁၉(စ)နဲ့ ဒုရဲအုပ် စိုးမြင့်ခိုင်က တရားလိုပြုလုပ်ပြီး အမှုစစ် ဒုရဲအုပ်ဇေယျာဦးက စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - မေသွယ်
4 years Ago
Up