ယာဉ်မတော်တဆမှု ရဲဖြေရှင်းပေးနေစဉ် သြစတြေးအဘိုးအိုကို ထိုင်းအမျိုးသား ထိုးကြိတ်

October 13, 2017

ယာဉ်မတော်တဆမှု ရဲဖြေရှင်းပေးနေစဉ် သြစတြေးလျအဘိုးအိုကို ထိုင်းအမျိုးသား ထိုးကြိတ် (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ပတ္တယားမှာ ရဲတွေနဲ့ ကျောင်းဆင်းလာတဲ့ ကလေးတွေရှေ့ ထိုင်းအမျိုးသား လူငယ်တဦးက အသက် ၇၀ ကျော်အရွယ် သြစတြေးလျနိုင်ငံသား အဖိုးအိုတဦးကို ထိုးကြိတ်မှု ဖြစ်ခဲ့ပါတယ်။ ပတ္တယားမှာဖြစ်ခဲ့တဲ့ ယာဉ်မတော်တဆ တိုက်မိခဲ့မှုအတွင်း သြစတြေးလျအဖိုးအိုက မတောင်းပန်ဘဲ ဓားကိုင်ခြိမ်းခြောက်ခဲ့တယ်လို့ ထိုင်းအမျိုးသားက စွပ်စွဲပြီး အခုလို ထိုးကြိတ်မှုဖြစ်ခဲ့တာလို့ ကိုကိုးနတ်စ်သတင်းမှာ အောက်တိုဘာ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။ ယာဉ်မတော်တဆမှုကြောင့် အငြင်းပွားမှုဖြစ်ခဲ့ပြီး သြစတြေးလျအဖိုးအိုက သူ့သမီးကို ကျောင်းကြိုဖို့ ထွက်သွားချိန် ထိုင်းအမျိုးသားက နောက်ကလိုက်ပြီး အဖိုးအိုကို သူ့ရဲ့ ၈ နှစ်အရွယ်သမီး အပါအဝင် ကျောင်းသူကျောင်းသားအုပ်စုနဲ့ ရဲတွေအရှေ့မှာ မြေပြင်ပေါ် လဲကျတဲ့အထိ လက်သီးနဲ့ ထိုးခဲ့တာပါ။ ထိုင်းအမျိုးသားဖြစ်သူ အသက် ၂၈ နှစ်အရွယ် ဆူမက်ရွန်ဂရာတနာပန်က ပတ္တယားမြို့ ကောပိုင်လမ်းမှာ သူ့ရဲ့ ဟွန်ဒါကားဟာ သြစတြေးလျအဖိုးအိုရဲ့ နစ်ဆန်ကား အပြင်ဘက်နဲ့ တိုက်မိခဲ့တယ်၊ အဲဒါကို အပြင်ထွက် စကားပြော ဖြေရှင်းရမယ့်အစား အဖိုးအို ဂျရက်ဒ်ကိုလင်းက ကားပြတင်းတံခါးဖွင့်ပြီး ရန်စကား စပြောခဲ့တယ်လို့ ရဲတွေကို ပြောပါတယ်။ ဒီနောက် အဖိုးအိုက ၁ မီတာအရှည်ရှိတဲ့ ဓားမနဲ့ ကားထဲက ထွက်လာတယ်၊ သူ့ကို ဓားနဲ့ခုတ်ဖို့ လုပ်တယ်လို့ ဆူမက်က ဆက်ပြောပါတယ်။ ဆူမက်ဟာ သူ့လက်ပေါ်က ခြစ်ရာတွေ ရဲကိုပြခဲ့ပေမယ့် ဓားနဲ့ခုတ်တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ အတည်မပြုသေးဘူးလို့ ဆိုပါတယ်။ “သူက ကျနော့်ကို ဓားနဲ့ခုတ်တယ်။ ဒါတင်မကသေးဘူး ကျနော့်ကားကိုပါ ဖျက်ဆီးတယ်၊ ပြီးတော့ ကားထဲဝင် မောင်ထွက်သွားတယ်” လို့ ဆူမက်က သတင်းထောက်တွေကို ပြောပါတယ်။ အဲ့ဒီနောက် ဆူမက်က ရဲတွေကိုခေါ်ပြီး ကိုလင်းသမီးရဲ့ကျောင်းကို လိုက်ခဲ့ရာကနေ စကားအချေအတင် ထပ်များခဲ့တာလို့ စီရမ်ချွန်းနယူးစ် သတင်းဌာနက ပြောပါတယ်။ “ငါ့မှာ ဗွီဒီယိုဖိုင်ရှိတယ်၊ နင် ငါ့ကို သတ်ချင်နေတာ” လို့ ထိုင်းအမျိုးသားက အဖိုးအိုကို အင်္ဂလိပ်လို ပြောလိုက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ရုပ်သံရိုက်ထားတဲ့ သူ့ရဲ့ဖုန်းကို ပြခဲ့ပါတယ်။ ဒီနောက် ရဲတွေနဲ့ ကျောင်းသားတွေရှေ့မှာ ဆူမက်က သြစတြေးလျအဖိုးအို ကိုလင်းရဲ့ မျက်နှာကို ဘယ်လက်သီးနဲ့ထိုးပြီး မြေပြင်ပေါ် လဲကျစေခဲ့တာပါ။ ကိုလင်းရဲ့သမီးက ဖခင်ရှေ့ ထိတ်လန့်တကြား ငိုနေလို့ ဆူမက်ရဲ့ အမျိုးသမီးက နောက်ထပ်မထိုးဖို့ တားမြစ်ခဲ့ရပါတယ်။ ကိုလင်းရဲ့ ၈ နှစ်အရွယ် သမီးက သူမရဲ့ဖခင်ကို ဆူမက်က ထိခိုက်နာကျင်အောင် လုပ်ချင်တာကြောင့် သူမရဲ့ဖခင်က သူ့ကိုယ်သူကာကွယ်ဖို့ ဓားထုတ်ခဲ့တာဖြစ်ကြောင်း၊ သူမရဲ့ဖခင်က ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ ကိုလင်းရဲ့ ကားလေကာမှန် လုံးဝပျက်စီးနေတာကို ရဲတွေကတွေ့ပြီး အခင်းဖြစ်မှုက ဒီထက်ပိုမယ်လို့ ယူဆနေကြပါတယ်။ ၂ ဦးလုံး ဒဏ်ရာရနေလို့ ရဲတွေက ဆေးရုံပို့ပေးပြီး တိတိကျကျ ဘာဖြစ်ခဲ့လဲဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အဲ့ဒီအနီးအနားက စောင့်ကြည့်ကင်မရာတွေ စစ်ဆေးဖို့နဲ့ မျက်မြင်သက်သေတွေကို မေးမြန်းဖို့ လုပ်နေတာကြောင့် ၂ ဦးစလုံးကို တရားမစွဲသေးဘူးလို့ သိရပါတယ်။
4 years Ago
Up