ယာဉ်မတော်ဆမှု

June 1, 2019

တောင်ငူမြို့နယ်မှာ ယာဉ်မတော်တဆမှုကြောင့် ၃ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ ယာဉ်မတော်တဆမှုကြာင့် ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မေ ၃၁ ရက်နေ့ ည ၇ နာရီခွဲလောက် တောင်ငူမြို့နယ်၊ ထုံးဘိုကြီးကျေးရွာ တောင်ငူ-လွိုင်ကော်ကားလမ်း မိုင်တိုင်(၁၆/၄-၅) ကြားမှာ မျိုးသူမောင်းနှင်ပြီး ကျောက်တွေ တင်ဆောင်လာတဲ့ ၁၀ ဘီးယာဉ်ဟာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ကို ထိုးကျကာ လမ်းဘေးတဲ ဝင်တိုက် တိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် တဲအတွင်းရှိ မသိန်းသိန်းမော် (၄၈) နှစ်အပါအ၀င် ၃ ဦး (ကျား ၁၊ မ ၂) တို့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ဦးလှမြင့်ဦးအပါအ၀င် ၅ ဦး (ကျား ၄၊ မ ၁) နဲ့ ယာဉ်မောင်း မျိုးသူတို့ ဒဏ်ရာ (စိုးရိမ်ရ) တွေ ရရှိခဲ့ပြီး တောင်ငူ ပြည်သူ့ဆေးရုံ ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။ တောင်ငူမြို့နယ် အမှတ်-၁၊ နယ်မြေရဲစခန်းက  မျိုးသူ ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
2 years Ago

March 8, 2019

အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် ၃ လအတွင်း လူ ၂၅ ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ အခုနှစ် ဇန်နဝါရီကနေ မတ်လပထမပတ် အတွင်း ယာဉ်မတော်တဆမှု ၉၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၅ ဦးအထိ ရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ အမြန်လမ်းမကြီးပေါ်မှာဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေထဲမှာ အရှိန်ပြင်းစွာ မောင်းနှင်တာကြောင့်  ဖြစ်ပွားတဲ့ အကြိမ်ရေ ပိုများတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ “ပြီးခဲ့တဲ့နှစ်က ယာဉ်မတော်တဆမှုတွေကို ပြန်ကြည့်ရင် အရှိန်များလို့ ဖြစ်တာကများတယ်။ ကျနော်တို့ဘက်ကလည်း ပညာပေးမှုတွေ လုပ်ပေးနေသလို ယာဉ်မောင်းတွေဘက်ကလည်း ယာဉ်ရဲ့ကြံ့ခိုင်မှုကို ယာဉ်မထွက်ခင်နဲ့ ခရီးတထောက်နားတဲ့အချိန်တွေမှာပါ စစ်ဆေးစေချင်တယ်။ မောင်းတဲ့အခါမှာလည်း သတ်မှတ်မိုင်းနှုန်းထက် ပိုမမောင်းဖို့ လိုအပ်ပါတယ်။" ၂၀၁၈ ဇန်နဝါရီကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု ၄၇၄ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀၃ ဦး၊ ဒဏ်ရာရရှိသူ ၈၈၄ ဦးရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် အောက်တိုဘာအတွင်း သေဆုံးသူ အများဆုံးဖြစ်ပြီး ၂၈ ဦးအထိ  ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ၂၀၁၆ ခုနှစ်က ယာဉ်မတော်တဆမူ ၇၄၄ မှု၊ လူ အယောက် ၁၇၀ သေဆုံးခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၅၅၅ မှု ဖြစ်ပွားခဲ့ပြီး ၁၁၆ ဦးသေဆုံးခဲ့ပါတယ်။ သတင်း- ကျော်အောင်(ကညွတ်ကွင်း) ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ
2 years Ago
Up