ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဒီဇင်ဘာ ၂၉ ၇က်တရက်ထဲ ယာဉ်တိုက်မှု ၄ ကြိမ် ဖြစ်ပွားပြီး အမျိုးသမီးတွေအပါအ၀င်အနည်းဆုံး လူ ၅ ဦးဒဏ်ရာရသွားပါတယ်။
ဒီဇင်ဘာ ၂၉ ၇က် နံနက် ၁၀ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၀၈ မိုင် ၄ ဖာလုံနဲ့ ၅ ဖာလုံအကြားမှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းလာတဲ့ MARK II ကား ၀ဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တပတ်လည်တိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းမင်းကျော်ဇင် နဖူးနှင့်ဝဲ/ယာ နားပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်ပေါ်မှာ အတူလိုက်ပါလာတဲ့ အမျိုသမီးနှစ်ဦး ပေါက်ပြဲဒဏ်ရာ အသီးသီး ရရှိခဲ့လို့ သက်ဆိုင်ရာက ဒဏ်ရာရသူများကို ဆေးရုံပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းကလည်း သာဂရ အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၇၅ မိုင်အနီးမှာ ယာဉ်မတော်တဆမှု နှစ်ကြိမ်ဆက်ဖြစ်ပွားခဲ့ပါတယ်။
မနေ့ ညနေ ၅ နာရီကျော်လောက်မှာ ၁၇၅ မိုင်၃ ဖာလုံနဲ့ ၄ ဖာလုံအကြားမှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို မောင်းလာတဲ့ လိုက်ထရပ်ကားက အရှိန်မထိန်းနိုင်ဘဲ၊ TOYATA SUCCEED အဖြူရောင်ယာဉ်ကို နောက်က၀င်တိုက်ခဲ့လို့ လိုက်ထရပ်ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ပေါက်ပြဲဒဏ်ရာများရ ရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ကုသခဲ့ရပါတယ်။
အဆိုပါယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့ မိုင်တိုင်အမှတ် ၁၇၅ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြားမှာပဲ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်ကလည်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို မောင်းလာတဲ့ PROBOX စိမ်းပုတ်ရောင်ယာဉ်မှ ယာဘက်ရှေ့ဘီး ပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ အလူမီနီယမ်တန်းတိုက်မိပြီး ရပ်တန့်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်မှာ ရှေ့ခေါင်းပိုင်းအနည်းငယ်ပျက်စီး သွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၂၉ ရက် မနက် ၂ နာရီကျော်ခန့်ကလည်း သာဂရအမြန် လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၇၇ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြားမှာ နေပြည်တော်ဘက်မှ ရန်ုကုန်ဘက်သို့ မောင်းလာတဲ့ PROBOX အပြာရောင်ယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိကာ သစ်ပင်အားဝင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။
သတင်းအရ သာဂရအမြန်လမ်းမကြီး ရဲစခန်းမှတာဝန်ရှိသူများနဲ့ ရဲအုပ်ကျော်ကျော် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်းက ထွက်ပြေးတိမ်း ရှောင်သွားပါတယ်။
အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မတော်တဆဖြစ်အောင် မောင်းနှင် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာဉ်မောင်းကို ပုဒ်မ ၂၇၉/၂၀၂ အရအမှုဖွင့် ဆောင်ရွက်ထားပြီး ဖမ်းဆီးရမိရေးစုံစမ်းနေတယ်လို့သိရပါတယ်။
သတင်း ကျော်အောင် (ကညွတ်ကွင်း)
6 years Ago