ယာဉ်တိမ်းမှောက်

May 11, 2019

လှိုင်းဘွဲ့တွင် ယာဉ်တစီး ပေ ၃၀ အနက် ချောက်ထဲထိုးကျ၊ ၄ ဦးသေဆုံး

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ ယာဉ်တစီး ပေ ၃၀ အနက် ချောက်အတွင်း ထိုးကျ တိမ်းမှောက်ခဲ့လို့ ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ ငှက်ပျောတောင်ဘုန်းကြီးကျောင်းအနီး ကမော့ပေါတောင်တက်လမ်းမှာ စိုးမိုးကျော် မောင်းနှင်လာတဲ့ ကန်တာယာဉ်ဟာ စက်ရပ်သွားပြီး တောင်ပေါ်ကနေ နောက်ပြန်လိမ့်ကျကာ ပေ ၃၀ အနက် ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ လူ ၄ ဦး (ကျား ၁၊ မ ၃) တို့မှာ ဦးခေါင်းကြေမွ၊ ရင်ဘတ်ပေါက်ပြဲ သွေးထွက်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ဒဏ်ရာရသူ ၁၅ ဦး (ကျား ၂၊ မ ၁၃) ဦးကိုတော့ ဘားအံမြို့ ပြည်သူ့ဆေးရုံး ပို့ဆောင်ကုသထားပါတယ်။ ဒဏ်ရာရသူတွေတွေထဲက အမျိုးသမီး ၂ ဦး အခြေအနေ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ စိုးမိုးကျော်အား ထီလုံနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်/ သာမန်နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
2 years Ago

August 18, 2018

အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ၂၂ ဦး ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁ဝဝ/၁နှင့်၁ဝဝ/၂ အကြားမှာ သြဂုတ် ၁၇ ရက်နေ့ ညနေ ၄ နာရီလောက်က မျိုးဆက်သစ်ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ပြီး ခရီသည် ၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ယာဉ်ပေါ်မှာ ခရီးသည် ၂၇ ဦး လိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ကျား ၁၃ ဦး၊ မ ၉ ဦးတို့ ဒဏ်ရာရရှိခဲ့တာကြောင့် ဖြူးမြို့နယ် ပြည်သူဆေးရုံကို ပိုဆောင်ကုသထားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ "ဖြစ်တဲ့အချိန်က မိုးတွေ အရမ်းရွာနေတယ်။ စလစ်ဖြစ်ပြီးမှောက်တာပါ။ ဒဏ်ရာရတဲ့သူကတော့များတယ်။ အကုန်ဖြူးဆေးရုံကို ပို့နေတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတော့ မပါပါဘူး။" ယာဉ်တိမ်းမှောက်ရာကို အမြန်လမ်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေ၊ မီးသတ်နဲ့ ကြက်ခြေနီတပ်ဖွဲဝင်တွေ သွားရောက်ကူညီခဲ့ကြပြီး ယာဉ်တိမ်းမှောက်အောင် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ခိုင်ဦးအား အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင်(ကညွတ်ကွင်း)
3 years Ago
More News
Up