ယာဉ်စီးခတိုးမြှင့်မည့် အစီအစဉ် ဆန္ဒပြသည့် ဘရာဇီးမြို့ခံများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

January 14, 2016

ယာဉ်စီးခတိုးမြှင့်မည့် အစီအစဉ် ဆန္ဒပြသည့် ဘရာဇီးမြို့ခံများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ (ရုပ်သံ)

ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့မှာ အစိုးရက အများသယ်ယူပို့ဆောင်ရေး ယာဉ်တွေရဲ့ ယာဉ်စီးခ နှုန်းထားတွေ တိုးမြှင့်မယ့် အစီအစဉ်ကို မြို့ခံတွေ ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ ဆော်ပိုလိုမြို့ဟာ ဘရာဇီးနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ယာဉ်စီးခနှုန်းထားတွေကို အမေရိကန်ဒေါ်လာနဲ့ ပြောရင် ဒေါ်လာ ပြား ၈၀ ကနေ ပြား ၉၀ အထိ တိုးမြှင့်ဖို့ အာဏာပိုင်တွေက စီစဉ်တာပါ။ ဘရာဇီးနိုင်ငံမှာ လက်ရှိ ငွေဖောင်းပွနှုန်း ၁၀ ရာခိုင်နှုန်း ကျော်နေပြီး ဘတ်စ်ကားတွေရဲ့ အရည်အသွေးနဲ့ ဘတ်စ်ကားယာဉ်မောင်းတွေရဲ့ မကြာခဏ သပိတ်မှောက်မှုတွေကြောင့် နှုန်းထားတိုးတောင်းတာကို လက်မခံနိုင်ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဆန္ဒပြသူတွေနဲ့ ဘရာဇီးရဲလုံခြုံရေးတွေ ထိပ်တိုက်တွေ့ခဲ့ကြပြီး ရဲလုံခြုံရေးတွေရဲ့ ဆန္ဒပြပွဲအပေါ် ကိုင်တွယ်ဖြေရှင်းမှုကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဘရာဇီးသမ္မတ ဒယ်မာ ရူးဆက်ဖ် (Dilma Rousseff) ကို အဂတိလိုက်စားမှုနဲ့ စစ်ဆေးအရေးယူနိုင်ရေးမှာ ဒီဆန္ဒပြပွဲတွေက အဆုံးအဖြတ် ပေးလာနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ သမ္မတ ရူးဆက်ဖ်ရဲ့ သက်တမ်းမှာ အစိုးရတွင်း ခြစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်နေရပါတယ်။ ဘရာဇီးနိုင်ငံရဲ့ စီးပွားရေးလည်း ၂၅ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းရပြီး သမ္မတအပေါ် ထောက်ခံမှုတွေလည်း သိသိသာသာ ကျဆင်းနေပါတယ်။
6 years Ago
Up