ယာသမားများ

May 9, 2020

ရောင်းမကုန် အာလူးများကို အမေရိကန်ယာသမားများ လှူဒါန်းပေးဝေ

ရောင်းမကုန်တဲ့ အာလူးတွေ အလဟဿ မဖြစ်အောင် အမေရိကန် ယာသမားကြီးတွေ အာလူးတွေကို အလှူပေးနေပါတယ်။  ဝါရှင်တန်ပြည်နယ် အနောက်ပိုင်းက ရှော့ပင်းမောလ်တခုမှာ ရာနဲ့ချီတဲ့ မော်တော်ကားတွေ လာရောက်တန်းစီပြီး  ဝေငှနေတဲ့ အာလူးတွေကို ကားပေါ်တင်နေကြတာပါ။   အိုင်ဒါဟိုပြီးရင် ဒုတိယမြောက် အာလူးစိုက်ပြည်နယ်ဖြစ်တဲ့  ဝါရှင်တန်မှာ ပုံမှန်ဆိုရင် အာလူးတွေကို အာလူးကြော်၊ အာလူးစားဖွယ် အဖြစ် အဆင့်ဆင့် ပြုပြင်ဖန်တီးပါတယ်။  ဝါရှင်တန် ပြည်နယ်ထွက် အာလူးတွေရဲ့ ၉၀ ရာခိုင်နှုန်းဝန်းကျင်ကို စားသောက်ကုန်လုပ်ငန်းအတွက် ပြုပြင်ဖန်တီးပြီး တဝက်နီးပါးက နိုင်ငံတကာဈေးကွက်တွေဆီ တင်ပို့တာပါ။   ပုံမှန် ဇူလိုင်လ ရိတ်သိမ်းချိန်မတိုင်ခင်  ကုန်နေတတ်တဲ့ ဂိုဒေါင်တွေထဲမှာ အခုတော့  အာလူးတွေ ဒီအတိုင်း ရှိနေပါတယ်။  ဒီတော့ စားသောက်ကုန်လုပ်ငန်း ကွင်းဆက်အပေါ်  ကပ်ရောဂါ သက်ရောက်မှုကို ကမ္ဘာတဝန်းက လူတွေအပေါ်  ဘယ်လိုသက်ရောက်နေလဲဆိုတာ အာလူး လှူနေတဲ့ ယာသမားကြီးတွေက သက်သေပြနေပါတယ်။ 
12 months Ago

February 22, 2020

စပိန်နိုင်ငံ တောင်ပိုင်းတွင် ယာသမားများ ဆန္ဒပြ

သီးနှံဈေးကျတာနဲ့ လုပ်ငန်းခွင်အခြေအနေ ဆိုးရွားတာကို မကျေနပ်တာကြောင့်  ဖေဖော်ဝါရီလ ၂၁ ရက်က စပိန်နိုင်ငံ တောင်ပိုင်းမှာ ယာသမားတွေဟာ လမ်းလယ်ကောင်က  ဂေါ်ဖီစိမ်းပုံကြီးကို လယ်ထွန်စက်နဲ့ ကြိတ်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မော်လကီယာမြို့ လမ်းတွေပေါ်မှာ  ထောင်နဲ့ချီတဲ့ ယာသမားတွေက သူတို့ကြုံတွေ့နေတဲ့ အခြေအနေတွေကို  ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။  စပိန် UPA အလုပ်သမားသမဂ္ဂအဆိုအရ  ၂၀၁၉ မှာ ပျမ်းမျှ ယာထွက်လုပ်ငန်းဝင်ငွေဟာ  ၉ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ စူပါမားကတ်အရောင်းဆိုင်ကားတွေက တိုးမြှင့်လာတဲ့ ဈေးနှုန်းဖိအားနဲ့  ကုန်စည်တချို့မှာ သွင်းကုန်ခွန် စည်းကြပ်တာကြောင့် သီးနှံဈေးကျတာနဲ့ ထုတ်လုပ်မှု စရိတ်ကြီးမြင့်တာတွေကို ယာသမားတွေ ကြုံတွေ့ခဲ့ရပါတယ်။ ယာသမားတွေဟာ ဝင်ငွေနဲ့ထွက်ငွေ ကာမိအောင် မနည်းရုန်းကန်နေရတာကြောင့်  ပြီးခဲ့တဲ့လကလည်းက စပိန်နိုင်ငံမှာ အလားတူဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ဥရောပသမဂ္ဂတလွှားမှာ လယ်ယာကဏ္ဍ မကျေနပ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။  စပိန်နိုင်ငံ ဂျီဒီပီရဲ့  ၂ ဒသမ ၈ ရာခိုင်နှုန်းဝန်းကျင်ရှိတဲ့ လယ်ယာကဏ္ဍမှာ  ဥပဒေသစ် ပြဋ္ဌာန်းဖို့ စီစဉ်နေတယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြိး လူးဝစ်ပလန်နာက ပြောထားပြီး ဥပဒေသစ်ဟာ စူပါမားကတ်ကြီးတွေ၊ လက်ကားဖြန့်ချိသူတွေနဲ့  ညှိနှိုင်းရာမှာ ယာသမား၊ မွေးမြူရေးသမားတွေကို ပိုမိုလုပ်ပိုင်ခွင့်ပေးမှာ ဖြစ်တယ်လို့ ပလန်နာက ပြောခဲ့ပါတယ်။
1 year Ago
Up