ယာယီဗီဇာ

July 3, 2021

မြန်မာကျောင်းသားအချို့၏ ယာယီဗီဇာများကို နယူးဇီလန်အစိုးရ သက်တမ်းတိုးပေးမည်

အာဏာသိမ်းစစ်တပ် အုပ်ချုပ်နေတဲ့ မိခင်နိုင်ငံကို ပြန်ရဖို့ ကြောက်ရွံ့နေတဲ့ နယူးဇီလန်ရှိ မြန်မာနိုင်ငံသားတချို့ရဲ့ ယာယီဗီဇာတွေကို အစိုးရက သက်တမ်းတိုးပေးသွားမှာ ဖြစ်ပါတယ်။ 

လတ်တလောသီတင်းပတ်တွေအတွင်း နယူးဇီလန်ရှိ မြန်မာကျောင်းသားအုပ်စုတခုကို စစ်ကောင်စီအပေါ် သစ္စာရှိကြောင်း ကြေညာဖို့ မြန်မာသံရုံးကနေ တောင်းဆိုခဲ့ပါတယ်။ 

မြန်မာနိုင်ငံသားတချို့ဟာ နယူးဇီလန်မှာ အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပြီး မြန်မာနိုင်ငံ ပြန်ရောက်ပါက ဖမ်းဆီးနှိပ်စက်ခံရမှာကို ကြောက်နေကြတာပါ။ 

နယူးဇီလန်မှ ထောက်ပံ့ထားတဲ့ ပညာသင်ဆုကိုရရှိထားတဲ့ မြန်မာကျောင်းသားတွေရဲ့ ဗီဇာကို သက်တမ်းထပ်တိုးပေးသွားမှာဖြစ်ပြီး တခြားယာယီဗီဇာ ကိုင်ဆောင်သူတွေကိုလည်း နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးဌာနက လက်တွေ့ကျတဲ့ ချဉ်းကပ်မှု လုပ်ပေးလိမ့်မယ်လို့ နယူးဇီလန်အစိုးရက အတည်ပြုပေးလိုက်ပါတယ်။

ဒီနေ့အထိ သူတို့ရဲ့ဗီဇာတွေကို သက်တမ်းထပ်တိုးပေးနေပါတယ်လို့ နယူးဇီလန် နိုင်ငံခြားရေး၀န်ကြီး Nanaia Mahuta က ပြောပါတယ်။

နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေး၀န်ကြီးဌာနဟာ နယူးဇီလန် အကူအညီပေးရေး အစီအစဉ်ကတဆင့် ပညာသင်ဆုရရှိထားတဲ့ မြန်မာကျောင်းသားတွေကို ဆောင်ရွက်ပေးပါတယ်။ 

တာဝန်ရှိသူတွေဟာ ဒီနှစ်မကုန်မီ နယူးဇီလန်ကနေ ထွက်ခွာရတော့မယ့် မြန်မာပြည်သားတွေ တယောက်ချင်းစီရဲ့ အခြေအနေတွေကို လာဆွေးနွေးဖို့အတွက် အဆက်အသွယ်လုပ်ဖို့ စာရေးသားပေးပို့နေတယ်လို့လည်း ပြောပါတယ်။

7 months Ago
Up