ယာယီဖျက်သိမ်း

February 10, 2018

လုံခြုံရေးစိုးရိမ်ရ၍ ဖှားသူပုန်ဟောင်းများပါတီ နိုင်ငံရေးမဲဆွယ်ပွဲများ ယာယီဖျက်သိမ်း

ကိုလံဘီယာနိုင်ငံက ဖှားသူပုန်ဟောင်းတွေ တည်ထောင်ထားတဲ့ နိုင်ငံရေးပါတီဟာ လုံခြုံရေး စိုးရိမ်လို့ နိုင်ငံရေး မဲဆွယ်ပွဲတွေကို ယာယီ ဖျက်သိမ်းလိုက်ပါတယ်။ ကိုလံဘီယာနိုင်ငံက ဖှားသူပုန်ဟောင်းတွေ တည်ထောင်ထားတဲ့ နိုင်ငံရေးပါတီဟာ သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်အမတ် ရွေးကောက်ပွဲတွေအတွက် မဲဆွယ်တာတွေကို ဖေဖော်ဝါရီ ၉ ရက်နေ့က စပြီး ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက မဲဆွယ်တဲ့နေရာတွေမှာ နှောင့်ယှက်ခဲ့အပြီး လုံခြုံရေး စိုးရိမ်လို့ ခုလို ရပ်ဆိုင်းရတာပါ။ ဖေဖော်ဝါရီ ၇ ရက်က ဖှားသူပုန်ခေါင်းဆောင်ဟောင်းနဲ့ သမ္မတလောင်း ကိုယ်စားလှယ် ရိုဒရီဂို လွန်ဒိုနိုရဲ့ ကားကို ဆန္ဒပြသူတွေက ကြက်ဥတွေ၊ ပလတ်စတစ် ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဖှားသူပုန် တပ်ဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရပြီး ၅၂ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ခဲ့ပါတယ်။ အဲဒီနောက် မနှစ်က တည်ထောင်တဲ့ နိုင်ငံရေးပါတီကို အရင်နာမည်ဟောင်း ဖြစ်တဲ့ တော်လှန်ရေးအတွက် ရွေးစရာတပ်ဖွဲ့ဆိုတဲ့ ဖှား ဆိုတဲ့ နာမည်ကိုပဲ ဆက်သုံးခဲ့ပါတယ်။ ပြည်သူ အများအပြားကတော့ ပြန်ပေးဆွဲ ဗုံးခွဲပြီး အတင်းနေရာ ရွှေ့ပြောင်းခိုင်းတာတွေ လုပ်ခဲ့တဲ့ ဖှားသူပုန်တွေဟာ ထောင်ထဲမှာ ရှိသင့်တယ်။ မဲဆွယ် မနေသင့်ဘူးလို့ ယုံကြည်နေကြပါတယ်။ လတ်တလော စစ်တမ်းအရ ဖှားပါတီ ကို ထောက်ခံသူ ၂ ရာခိုင်နှုန်းသာ ရှိပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဖှားသူပုန်ဟောင်းတွေဟာ ၂၀၂၆ ခုနှစ်ထိ အောက်လွှတ်တော် မှာ အမတ်နေရာ ဆယ်နေရာကို အာမခံ ရှိထားပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးအပြီးမှာ ဖှား နိုင်ငံရေးပါတီနဲ့ ပတ်သက်တဲ့ လူအယောက် ငါးဆယ်ဟာ သီးခြား တိုက်ခိုက်မှု ၄၄ မှုအတွင်း အသတ်ခံခဲ့ရပါတယ်။ အသတ်ခံရသူတွေထဲမှာ သူပုန်ဟောင်း ၂၈ ယောက်နဲ့ မိသားစုဝင်ပေါင်း ၁၂ ယောက်၊ ပါတီမှာ တက်ကြွလှုပ်ရှားသူ ၁၀ ယောက် ပါတယ်လို့ ရှေ့နေချုပ်ရုံးက ဆိုပါတယ်။ သမ္မတ ဟွမ်မန်နျူယယ်စန်တို့စ်က ဖှားပါတီ မဲဆွယ်ပွဲတွေ ဘေးကင်းစေရမယ်လို့ အာမခံ ကတိပေးခဲ့ပြီး ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြဖို့ တိုက်တွန်းခဲ့ပါတယ်။
3 years Ago
Up