ယာယီနေခွင့်ကတ်

December 24, 2020

တရားမဝင်လုပ်သားများအား စွန့်ပစ်မှုမဖြစ်ရေး ယာယီနေခွင့်ကတ်လုပ်ပေးရန် ထိုင်းဝန်ကြီးချုပ် အကြံပြု 

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားပေါင်းထောင်ကျော်ဆီက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးတဲ့နောက် ထိုင်းတနိုင်ငံလုံးရှိ ရွှေ့ပြောင်းလုပ်သားများ စုဝေးနေထိုင်ရာ စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေကို ကိုဗစ်-၁၉ စစ်ဆေးဖို့ အစိုးရက ထုတ်ပြန်ညွှန်ကြားထားပါတယ်။  အဲဒီလိုစစ်ဆေးရင်းက အထောက်အထားမရှိတဲ့ အထောက်အထားတွေ ငှါးရမ်းခန့်ထားပါက သက်ဆိုင်ရာက အရေးယူအပြစ်ပေးခံရမှာစိုးတဲ့အတွက် အလုပ်ရှင်တချို့က မိမိအလုပ်သမားတွေကို အလုပ်ထုတ်ပစ်တာ၊ စွန့်ပစ်တာ၊ အခြားနေရာကို ရွှေ့ပြောင်းသိုဝှက်ထားတာတွေ ရှိနေပါတယ်။  အဆိုပါအလုပ်သမားတွေဟာ ကိုဗစ်-၁၉ စစ်ဆေးမှုကို မခံယူရတာကြောင့် သူတို့ တိမ်း ရှောင်နေတဲ့ ပတ်ဝန်းကျင်က လူတွေအတွက် ရောဂါပိုးကူးစက်ခံရမယ့်အရေး စိုးရိမ်မကင်းဖြစ်နေ ကြပါတယ်။  ဒီပြဿနာတွေကို ဖြေရှင်းတဲ့အနေနဲ့  အဆိုပါတရားမဝင်အလုပ်သမားတွေကို ယာယီနေ ထိုင်ခွင့် ပန်းရောင်ကတ်ထုတ်ပေးဖို့ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက ဒီဇင်ဘာ ၂၃ ရက် အစိုးရအိမ်တော် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ငွေကြေးလုံလောက်ပေမယ့် လတ်တလော ကိုဗစ်-၁၉ ကူးစက်မှုပြဿနာရှိနေကြောင်း၊ အဓိကမှာ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားတွေ ဆီကနေ တဆင့်ကူးစက်လာတာဖြစ်ပြီး၊ ထိုင်းနိုင်ငံမှာ အနေကြာတဲ့ တရားဝင်အလုပ်သမားဆိုရင် ပြဿနာမရှိဘူးလို့ ဆိုပါတယ်။  တရားမဝင်အလုပ်သမားတွေဟာ တကိုယ်ကောင်းဆန်တဲ့ အလုပ်ရှင်တွေကြောင့် ရှိလာရတာ ဖြစ်ကြောင်း၊ အဲဒီအလုပ်ရှင်တွေဟာ လုပ်အားခကို ဥပဒေကသတ်မှတ်ထားတဲ့အတိုင်း အပြည့်မပေးချင်လို့ ဈေးပေါတဲ့တရားမဝင်အလုပ်သမားတွေကို ငှါးရာက တရားမဝင် အလုပ်သမားတင်သွင်းမှုတွေလည်း ရှိလာရကြောင်း ဒါကြောင့် တရားမဝင် ဝင်ရောက်မှုကို ထိထိရောက်ရောက်နှိမ်နင်းရမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါ့အပြင် တချို့စက်ရုံအလုပ်ရုံတွေမှာ တရားမဝင်အလုပ်သမားငှါးရမ်းခန့်ထားမှုတွေရှိ နေပြီး သက်ဆိုင်ရာကအစစ်အဆေးတင်းကြပ်တဲ့အခါ သူတို့ကအလုပ်သမားတွေကို အလုပ်ထုတ်ပစ်တာ စွန့်ပစ်တာတွေလုပ်ကြောင်း၊ နောက်ဆက်တွဲ ရောဂါကူးစက်ပြန့်ပွားမှု ရှိလာနိုင တာကြောင့်  ဒီပြဿနာကိုဖြေရှင်းတဲ့အနေနဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ တိုင်ပင်ဆွေးနွေးပြီး  သူတို့ကို ပန်းရောင်ယာယီနေ ထိုင်ခွင့်ကတ်ပြား ထုတ်ပေးသင့်တယ်လို့ အကြံပြုထားကြောင်း ဝန်ကြီးချုပ်က ပြောသွားပါတယ်။  ကိုးကား - www.matichon.co.th
10 months Ago
Up