ယာယီတင်သွင်းခွင့်

May 15, 2020

မြန်မာပြည်တွင်းကို ပြည်ပမှ ကြက်သားပေါက် ၉ သိန်းကျော် ယာယီတင်သွင်းခွင့်ပြု

မြန်မာနိုင်ငံထဲကို ပြည်ပကနေ ကြက်သားပေါက် တင်သွင်းမှု တစ်လ ယာယီတင်သွင်းခွင့်ပြုသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။ COVID -19 ကြောင့် ရပ်နားထားတဲ့ အသားတိုးကြက်မွေးမြူရေး လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်လာချိန်မှာ အသားစားကြက်ပေါက်တွေ အပ်ချက်ရှိလာတဲ့အတွက် အသားစားကြက်ပေါက် အကောင်ရေ ၉၂၀,၀၀၀ ကို အခုနှစ် မေ ၁၅ ရက်မှ ဇွန် ၁၅ ရက်အထိ ယာယီတင်သွင်းခွင့် ပြုသွားမှာပါ။ ပြည်တွင်းဖောက်စက်တွေက ပြည်တွင်း လိုအပ်ချက်ထက် ကျော်လွန်ပြီး ထုတ်လုပ်လာနိုင်တဲ့အပြင် ပြည်တွင်းမှာ ကြက်သားဈေးနှုန်းကလည်း အလွန်အမင်း ကျးဆင်းနေတာကြောင် ပြည်ပကနေ အသားတိုးကြက် ကြက်သားပေါက်/ဖောက်ဥ တင်သွင်းတာကို ပြီးခဲ့တဲ့ မတ်လပိုင်းကနေစတင်ပြီး ယာယီ ရပ်ဆိုင်းထားခဲ့တာပါ။ အခုအခါမှာတော့ COVID-19 ရောဂါ ဖြစ်ပွားတဲ့ အကျိုးဆက်ကြောင့် ရပ်နားထားရတဲ့ အသားတိုးကြက်ခြံလုပ်ငန်း ပြန်လည် စတင်ဖို့ မွေးမြူရေးသမားတွေက ပြင်ဆင်နေကြပါပြီ။  ဒါ့ကြောင့် ပြည်တွင်း မျိုးခြံဖောက်စက်တွေ အဆင်သင့်မဖြစ်သေးတဲ့ ဒီကာလအတွင်းမှာ ကြက်ပေါက် လိုအပ်ချက် ဖြစ်‌ပေါ်လာတာလို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောပါတယ်။ COVID-19 ရောဂါ ဖြစ်ပွားမှုနဲ့ ထိန်းချုပ်ရေးလုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ စားသုံးမှု လျှော့ကျတာ၊ စျေးကွက် မတည်ငြိမ်တာတွေအပေါ်မှာ စိုးရိမ်စိတ်တွေကြောင့် ဧပြီလ အတွင်းက ပြည်တွင်းအသားတိုးကြက်ခြံတွေမှာ ကြက်သားပေါက် ထည့်တာတွေကို လုပ်ငန်းရှင်တွေက ရပ်နားထားခဲ့ကြသလို ဖောက်စက်လုပ်ငန်းတွေဟာလည်း ယာယီရပ်နားခဲ့ပါတယ်။ စိုးချစ်ပိုင်
11 months Ago
Up