ယာဉ်၆စီး

April 16, 2021

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ် ၆ စီးကို ကေအိုင်အေ တိုက်ခိုက် မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်မှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့  ရိက္ခာတင်ယာဉ် ၂ စီးအပါအဝင် ကား ၆ စီးကို ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်) က တိုက်ခိုက် မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

တနိုင်းမြို့နယ် တိန်ကောက်ရွာအနီး တောလမ်းတစ်နေရာမှာ ဧပြီ ၁၄ ရက်နေ့က စစ်တပ်ရိက္ခာတင်ကား ၂ စီးကို ကေအိုင်အေက ချုံခိုတိုက်ခိုက်ခဲ့ပြီး ကား၂ စီးစလုံးကို တောလမ်း အတွင်း မောင်းဝင်စေကာ မီးရှို့ဖျက်ဆီးခဲ့တာပါ။ 

ဒီနေ့ ဧပြီ ၁၆ ရက်မှာလည်း အလော့ဘွမ်စစ်စခန်းဘက်သို့ မောင်းနှင်လာတဲ့ စစ်ကား ၄ စီးကို ချုံခိုတိုက်ခိုက်ခဲ့ရာမှာ  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ  အကျအဆုံးများပြားခဲ့တယ်လို့  KIAဘက်က အတည်ပြုပြောပါတယ်။

စစ်တပ်က ၁၉၈၇ ခုနှစ်လောက်က သိမ်းယူသွားခဲ့ပြီးတဲ့  ကေအိုင်အေတို့ရဲ့ အလော့ဘွမ်တောင်တပ်စခန်းကို ၂၀၂၁ မတ်လကုန်ပိုင်းက ကေအိုင်အေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်တွေက အင်အားသုံးကာ ဝေဟင်မြေပြင် လက်နက်ကြီးတွေ အသုံးပြု အပြင်းအထန် ထိုးစစ်ဆင်နေပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာ  အများအပြားကျဆုံး နေပြီး စစ်သုံ့ပန်းတွေကိုလည်း ကေအိုင်ကေက ဖမ်းဆီးရမိထားပါတယ်။

အလော့ဘွမ်တောင်စခန်းဟာ စစ်ဗျူဟာအရအလွန်အရေးပါတဲ့ စခန်းတစ်ခုဖြစ်တာကြောင့် အကြမ်းဖက်စစ်ကောင်စီက အသည်းအသန် စစ်သားတွေကို စတေးပြီး ပြန်တိုက်ယူနေတာလို့ နိုင်ငံရေး စစ်ရေးလေ့လာသူတချို့က  သုံးသပ်ပြောပါတယ်။

4 weeks Ago
Up