ယာဉ်မောင်း

May 28, 2022

ဘားအံမြို့နယ်၌ စစ်ကောင်စီတပ်က ယာဉ်မောင်း ၁ ဦးကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ် သတ်ဖြတ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-ရန်ကုန်ကားလမ်းဘေးရှိ မြိုင်ကလေးကျေးရွာ၊ ဗလကြီးဓာတ်ပုံဆိုင်ရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသွားယာဉ်မောင်းတယောက်ကို  သေနတ်တဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၅ ရက် မနက် ၁၀ နာရီက မြဝတီမြို့ကနေထွက်ခွာလာတဲ့ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ရွာမ  (၁) ရပ်ကွက်နေ ကိုဖိုးသား (၃၇) နှစ်မောင်းနှင်းလာတဲ့ Super custom ယာဉ်ဟာ မြိုင်ကလေးကျေးရွာအရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတွေက တားဆီးခဲ့တဲ့အတွက် ယာဉ်ကို ရပ်ပေးခဲ့ပေမဲ့ သေနတ်နဲ့အချက်ပေါင်းများစွာပစ်ခတ်ခံရတဲ့အတွက် နေရာတင်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်ကလေးကျေးရွာသားတစ်ဦးက “ယာဉ်ကိုတားတော့ ယာဉ်မောင်းကရပ်ပေးတယ်။ ယာဉ်မောင်းကကားထဲကနေ လက်မြှောက်ပြီးထွက်လာတာကို သေနတ်နဲ့ အချက်ပေါင်းအများကြီး ပစ်ခတ်ခံရတယ်။ ယာဉ်မောင်း လက်တွေပြတ်ထွက် မျက်နှာတွေစုတ်ပြတ်ပြီး နေရာမှာတင်သေဆုံးသွားတယ်။ ဘေးနားက စျေးရောင်းတဲ့လင်မယားနှစ်ယောက်ပါ ထိမှန်သွားတယ်”လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောငင့် အနီးအနားမှာဈေးရောင်းနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးကိုပါ ကျည်ထိမှန်ဒဏ်ရာတွေရရှိခဲ့တဲ့အပြင် အနီးပတ်ဝန်ကျင်က ဒေသခံပြည်သူတွေကိုပါ စစ်ကောင်စီတပ်တွေက ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေဟာ လက်နက်သယ်ဆောင်လာဖို့ရှိတယ်ဆိုတဲ့ သတင်းအတိအကျရထားအတွက် ၃ ရက်ကြာစောင့်‌နေခဲ့ရာက အခုလိုတားဆီးပစ်ခတ်ခဲ့တာဖြစ်ပြီး ယာဉ်အတွင်းစစ်ဆေးရာမှာ ဘာလက်နက်မှရှာဖွေ့မတွေ့ရှိရသလို လူမှားယွင်းပစ်ခတ်မိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်း ရဲမှူးတယောက် ကျည်ပြန်ကန်ပြီး ပေါင်ကိုထိမှန်ခဲ့သလို ပစ်ခတ်မှုနဲ့ပတ်သက်လို့ သတင်းဖြန့်သူကို သတ်ပစ်မယ်လို့ စစ်ကောင်စီတပ်ဖွဲ့တွေက ခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပစ်သတ်ခံရတဲ့ ယာဉ်မောင်းဟာ မြဝတီ-သိမ်ဇရပ်ကို လူနဲ့ကုန်ပစ္စည်းတွေကိုတင်ဆောင်ပြီး ပြေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ်။

သိမ်ဇရပ်မြို့က သေဆုံးသူနဲ့ ဆွေမျိုးနီးစပ်တဦးက "သူက သိမ်ဇရပ်နဲ့ မြဝတီကို ရိုးရိုးသားသား ကားမောင်းနေတာ။ မြိုင်ကလေးမှာ စစ်တပ်နဲ့ရဲက ပစ်သတ်ခံရတာ။ အလောင်းလာယူလို့ အကြောင်းကြားလာတယ်။ အပြစ်မရှိတဲ့သူကို လက်နက်ကိုင်တဲ့သူတွေက ဥပဒေမဲ့ သတ်တာကတော့ လူမဆန်တဲ့ လုပ်ရပ်ပဲ။ လူကို လူလိုမြင်စေချင်တယ်”လို့ ဆိုပါတယ်။

ပြည်နယ်ရုံးစိုက်ရာဘားအံမြို့မှာ စစ်ကောင်စီရဲ့တပ်နဲ့ရဲတွေက လုံခြုံရေးအကြောင်းပြချက်နဲ့ လမ်းဆုံလမ်းဂွတွေနဲ့ လူစည်းကားရာနေရာတွေမှာ နေ့စဉ်စစ်ဆေးနေသလို အကြောင်းမဲ့ လိုက်လံဖမ်းဆီးနေတာတွေကြောင့် အပြစ်မဲ့မတရားဖမ်းဆီးခံရမှာကို မြိုခံပြည်သူတွေက စိုးရိမ်နေကြပါတယ်။

7 hours Ago

March 4, 2022

ဇေကမ္ဘာဝင်းအတွင်း အိမ်စီးကား ၁ စီး လုယက်ခံရပြီး ယာဉ်မောင်း သေဆုံး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်းမှာ မတ် ၃ ရက် ညပိုင်းက အိမ်စီးကားတစီး လုယက်ခံရပြီးနောက် ယာဉ်မောင်းဖြစ်သူ ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်။

မနေ့ည ၈ နာရီလောက်က ဇေကမ္ဘာဝင်းအတွင်းကို အမည်မသိ လူသုံးဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး အိမ်စီးကားတစီးကို လုယက်ကာ ယာဉ်မောင်းဖြစ်သူကို ဓားနဲ့ ထိုးသတ်ခဲ့ကြတာပါ။

ယာဉ်မောင်းအမျိုးသားမှာ အသက် ၂၅ နှစ်ဝန်းကျင်ရှိပြီး လုယက်သူတွေက ကားသော့နဲ့ ဖုန်း တောင်းတာကို မပေးတာကြောင့် ဓားနဲ့ထိုးသတ်ခံခဲ့ရပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ပစ္စည်းတန်ဖိုး ဘယ်လောက်ပါသွားတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

အခင်းဖြစ်ပွားရာ ဇေကမ္ဘာဝင်းဟာ လုံခြုံရေး တင်းကျပ်ထားတဲ့ နေရာတခု ဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရဲ့ နေရာအနှံ့အပြားမှာ အကြမ်းဖက်လုယက်မှုတွေနဲ့ ခိုးမှုတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေပါတယ်။

3 months Ago
More News
Up