ယာဉ်ထိန်းရဲ

December 15, 2020

နေပြည်တော်တွင် ကိုဗစ်-၁၉ ပိုးတွေ့ ယာဉ်ထိန်းရဲ ၂၀ ဦး အထိရှိလာ

နေပြည်တော်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖျားနာလို့သံသယလူနာအဖြစ် ဆေးရုံတက်တဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၂ ယောက်မှာ ကိုဗစ်-၁၉  ပိုးတွေ့ရှိပြီးနောက် သူနဲ့ထိစပ်တဲ့ သူတွေကို ဆေးစစ်တာမှာ  ရောဂါပိုးရှိသူ အယောက်  ၂၀ အထိ ရှိလာပြီလို့  သိရပါတယ်။ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက “ ၇ ရက် ၈ ရက်လောက်က စဖြစ်တာပါ။ စဖြစ်တာကတော့ နှစ်ယောက် စဖြစ်ပြီးတော့ သံသယလူနာ ဆေးရုံတက်မှသိတာ။ သိတော့ သူတို့နဲ့ ထိစပ်တဲ့သူတွေကို ကွာရန်တင်းထည့်တယ်။ ထည့်ရင်း ဆေးစစ်ရင်းနဲ့ အခုတော့ အယောက် ၂၀ လောက်ရှိသွားပြီ။ contact တွေအားလုံး ၄၀ လောက်ရှိသွားပြီ”လို့ပြောပါတယ်။   ပိုးတွေ့သူတွေကို ဆေးရုံမှာ ကုသပေးနေသလို ထိစပ်မှုရှိတဲ့သူတွေကိုလည်း ကွာရန်တင်းပြုလုပ်ထားတယ်လို့ ဆိုပါတယ်။  အခုလို ကိုဗစ်-၁၉ ပိုးတွေ့တဲ့ နေပြည်တော်အတွင်းက ယာဉ်ထိန်းရဲတွေဟာ ခရီးသွားရာဇဝင်လည်း မရှိတဲ့အတွက် ဒေသတွင်းကူးစက်မှုဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ “ သူတို့ကစတွေ့တဲ့ ကေ့စ်တွေကလည်း ခရီးသွားရာဇဝင် မရှိဘဲ တွေ့ရတာမျိုးလေ။ အဲ့ကနေ ထိစပ်တယ်ဆိုတော့ ခရီးသွားရာဇဝင်ထက်စာရင်တော့ နေပြည်တော်တွင်းမှာပဲ ကူးစက်မှုဖြစ်ဖို့များပါတယ်” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ နေပြည်တော်မှာ ဒီဇင်ဘာလဆန်းပိုင်းကလည်း ရွှေစင်စကြာ မော်တော်တော်ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ ရှိရာကနေ ထိစပ်သူတွေကို စစ်ဆေးတာမှာ ဒီနေ့အထိ ပိုးတွေ့သူ ၇ ယောက်ရှိပြီလို့လည်း ပြောပါတယ်။ နေပြည်တော်ကောင်စီနယ်မြေမှာ ဒီဇင်ဘာ ၁၃ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၄၉ ယောက်ရှိပြီး သေဆုံးသူ ၆ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နေပြည်တော်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
5 months Ago

April 21, 2020

မုံရွာတွင် Mask တပ်ခိုင်းသည့် ယာဉ်ထိန်းရဲကို ဓားဖြင့်ခုတ်ခဲ့သူ အမောဖောက်သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နှာခေါင်းစည်း Mask တပ်ခိုင်းတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ဓားနဲ့ခုတ်ခဲ့တဲ့ အမျိုးသားတဦးဟာ ရဲက လိုက်ဖမ်းစဉ် ထွက်ပြေးရာမှာ အမောဖောက်ပြီး  ဆေးရုံတင် ကုသမှုပေးနေစဉ် မနေ့ညနေက သေဆုံးသွားပါတယ်။ မုံရွာမြို့၊ သာစည်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ မြို့အဝင်အဖွဲ့စုံ COVID-19 ရောဂါ စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တဦးက   ဧပြီလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ဓားနဲ့ အခုတ်ခံခဲ့ရပါတယ်။  ဓားနဲ့ခုတ်တဲ့သူက မုံရွာမြို့နယ်၊ ဆုံကုန်းကျေးရွာနေ အောင်ကျော်မြင့် (၄၉ နှစ်)ဆိုသူဖြစ်ပြီး တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က Mask တပ်ဖို့  ပြောဆိုရာကို မကျေနပ်တဲ့အတွက် အိမ်ပြန်ကာ အရှည် ၃ ပေခန့်ရှိတဲ့ ဓားတချောင်းယူကာ ပြန်လာခုတ်ပြီး ထွက်ပြေးသွားခဲ့လို့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရတာပါ။  အဆိုပါ အမျိုးသားဟာ ပြေးလွှားရာက မှောက်လဲပြီး နဖူး၊ မျက်ခုံးတို့မှာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့သလို အမောဆို့နေတဲ့အတွက် မုံရွာဆေးရုံကြီးကို ရဲဆေးစာနဲ့ ပို့ဆောင်ခဲ့ရတာပါ။  ညနေ ၄ နာရီခန့်အချိန်မှာတော့ ဆေးကုသမှု ခံယူနေရင်း သေဆုံးသွားတာလို့  မုံရွာနယ်မြေရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ဆန်းလင်းက ပြောပါတယ်။ “နှလုံးကြီး၊ အဆုတ်ပွ၊ အမောဖောက် အဲဒါနဲ့ ဆုံးတာ။ သေဆုံးသူ မိသားစုတွေလည်း လာတယ်။ မှုခင်းဆရာဝန်ကြီးကိုယ်တိုင် ပြောပြရှင်းပြတယ်။ လောလောဆယ်တော့ သေမှုသေခင်းတော့ ဖွင့်ရမယ်။ အမှုလည်း ပိတ်သိမ်းရမှာပေါ့။”  ဓားနဲ့အခုတ်ခံခဲ့ရတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ဝေလင်းကတော့  မစိုးရိမ်ရတဲ့ ၁ လက်မခန့် ကျောကုန်းပွန်းရှဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံရွာနယ်မြေရဲစခန်းမှာ (ပ)၁၇၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၂ နဲ့ အမှုဖွင့်ထားပါတယ်။
1 year Ago
Up