ယာဉ်တိုကင်မှု

March 28, 2020

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဆိုင်ကယ်နှင့် ထရပ်ကားတိုက်မိ၊ ၂ ဦး သေဆုံး

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၃၇/၅ နဲ့ ၆ အကြား ဝမ်းတွင်းမြို့နယ် ရွာရှည်ရွာအနီးမှာ မတ်လ ၂၇ ရက်နေ့က ဆိုင်ကယ်နဲ့ ထရပ်ကားတိုက်မိတာကြောင့် အမျိုးသား ၂ ဦး သေဆုံးသွားတယ်လို့ ရွှေတောင်ရွာ ရဲစခန်းစခန်းမှူး ရဲအုပ်ယဉ်ထွေးက  ပြောပါတယ်။ “ရွာရှည်ရွာက ထမင်းဆိုင်အနီးမှာ ဖြစ်သွားတာပါ။ ဆိုင်ကယ်စီးလာသူ ၂ ဦးလုံး ဦးထုပ်မပါပါဘူး။ ဦးခေါင်းနဲ့ မျက်နှာတွေမှာ ဒဏ်ရာရကုန်တယ်၊ ဝမ်းတွင်းဆေးရုံမှာပဲ ၂ ဦးလုံး သေဆုံးသွားတယ်။” ယာဉ်တိုက်မှုကြောင့် ဝမ်းတွင်းဆေးရုံမှာ သေဆုံးသွားသူ ၂ ဦးကတော့ ထက်ထက်အောင် နဲ့ ဦးမြင့်အောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံကိုဇော်က “အဲဒီနားလေးက ခဏခဏ ဖြစ်တတ်တယ် သတိပေး ဆိုင်းဘုတ်လေး ထားပေးရင်ကောင်းမယ်။ ကားကြီးတွေ ရပ်နားတဲ့နေရာဆိုတော့ ဖြတ်သွားဖြတ်လာတွေ ရှိတယ် သတိထားနိုင်မှ ဖြစ်မယ်” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ ထရပ်ကားယာဉ်မောင်း ကိုထွန်းနိုင်အား ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။ မောင်မောင်လင်း
2 years Ago
Up